ပုံစာ။ ရွှေပြည်သာရှိ အရက်ချက်စက်ရုံ ယနေ့မီးလောင်မှုမြင်ကွင်း (ဓာတ်ပုံ/ဗီဒီယို - MFSD & အမှတ် (၄) ရပ်ကွက် ရွှေပြည်သာ အရန်မီးသတ်စခန်း)
၂၃. ၇. ၂၀၂၅
Written by Thettant
ရန်ကုန်တိုင်း၊ ရွှေပြည်သာမြိုနယ်၊ အမှတ် (၂၆) ရပ်ကွက်၊ အမှတ် (၄)လမ်းတွင် တည်ရှိသော အရက်ချက်စက်ရုံတစ်ခု ယနေ့ ဇူလိုင် ၂၃ ရက် နံနက် ၉ နာရီ ၂၇ မိနစ်ခန့်အချိန်က Level (1) အဆင့် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
မီးလောင်မှုကို မြောက်ပိုင်းခရိုင် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၄)စီး၊ ရွှေပြည်သာမြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၆)စီး၊ အင်းစိန်မြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ တညင်းကုန်းနယ်မြေ မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး ထွက်ခွာငြှိမ်းသတ်ခဲ့ကြောင်းနှင့် နာရီဝက်ကျော်အကြာ ၉ နာရီ ၅၉ မိနစ်တွင် မီးထိန်းနိုင်ခဲ့ပြီး ၁၀ နာရီ ၄ မိနစ်အချိန်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။
ရွှေပြည်သာတွင် အရက်ချက်စက်ရုံ၊ အရက်ပုလင်းသွင်းစက်ရုံနှင့် အရက်ဘီယာသိုလှောင်ရုံ ဆယ်ခုအထက်ရှိသလို ပြီးခဲ့သည့် မေလ ၂၇ ရက် နံနက် ၁ နာရီခန့်ကလည်း ရွှေပြည်သာရှိ PMG အရက်ချက်စက်ရုံ မီးလောင်မှုဖြစ်ပွားကာ Level 3 အဆင့် မီးငြှိမ်းသတ်ခဲ့ရမှု ဖြစ်ပွားခဲ့သည်။
ယနေ့ မီးလောင်မှုဖြစ်စဉ်ကို ပြည်တွင်းပြည်ပ သတင်းမီဒီယာများက အာမီရမ်စက်ရုံဟု ဖော်ပြနေသော်လည်း မီးသတ်ဦးစီးဌာနအပါအဝင် တာဝန်ရှိသူများကမူ စက်ရုံအမည်အတည်ပြုဖော်ပြခြင်းမရှိသေးသလို ထိခိုက်ပျက်စီးမှုနှင့် မီးလောင်ဆုံးရှုံးမှုကို ထုတ်ပြန်ထားခြင်းမရှိသေးသဖြင့် အတည်ပြုဖော်ပြချိန်တွင် ဆက်လက်ဖော်ပြပေးမည်ဖြစ်သည်။
