◾️ ဒေသခံတိုင်းရင်းသားပြည်သူများက တပ်မတော်ကို မည်မျှယုံကြည်အားကိုးသည်ကို အားလုံးအသိပင်ဖြစ်၍ နယ်မြေလုံခြုံရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်သွားရန် SAC ဒုတိယဥက္ကဋ္ဌ မှာကြား
◾️ ပျက်စီးခဲ့သည့် စာသင်ကျောင်းနှင့်ဆေရုံများ ချက်ချင်းတည်ဆောက်မည်ဖြစ်ပြီး မနက်ဖြန် ဇူလိုင် ၂၂ ရက်တွင် ကျောင်းအပ်နှံနိုင်မှု စတင်လက်ခံရန်ပါ စီစဉ်ထားပြီးဖြစ်၍ ရင်သွေးငယ်များကို စာသင်ကျောင်းများသို့ မဖြစ်မနေစေလွှတ်ပေးရန် တိုက်တွန်းပြောကြား

၂၁. ၇. ၂၀၂၅
Written by Nyein Kyaw
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ရှမ်းပြည်နယ် နောင်ချိုမြို့ရှိ အောင်ပွဲရ အရာရှိ၊ စစ်သည်များအား သွားရောက်တွေ့ဆုံဂုဏ်ပြုခဲ့ပြီး အကြမ်းဖက်သောင်းကျန်းသူများ ဖျက်ဆီးခဲ့သည့် ပြည်သူ့ဆေးရုံနှင့် စာသင်ကျောင်းများ ကြည့်ရှုစစ်ဆေးကာ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံပြည်သူများကိုပါ ယနေ့ သွားရောက်တွေ့ဆုံ၍ လိုအပ်သည်များကို ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
SAC ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် နောင်ချိုမြို့သို့ရောက်ရှိကြပြီး မြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်သည့် အောင်ပွဲရ အရာရှိ၊ စစ်သည်များအား ဂုဏ်ပြုခြင်းအခမ်းအနားသို့ တက်ရောက်ခဲ့ကာ ဂုဏ်ပြုအမှာစကားပြောကြားခဲ့သည်။

တောင်ခမ်းဒေသတစ်ဝိုက်၌ လိုအပ်သည့် ပြင်ဆင်စုဖွဲ့မှုများ၊ ကွပ်ကဲအုပ်ချုပ်မှုများ ဖြည့်ဆည်းဆောင်ရွက်ကာ အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေး(Counter- Terrorism Operation)ကို တပ်မတော်၏ အစဉ်အလာကောင်းများနှင့်အညီ အကြမ်းဖက်သောင်းကျန်းသူများကို လှေခွက်ကြီးကျန် အလံမလဲသည့်စိတ်ဓာတ်၊ တုံးတိုက်တိုက် ကျားကိုက်ကိုက် စိတ်ဓာတ်များဖြင့် ရဲရဲတက်၊ ရဲရဲတိုက်၊ ရဲရဲချေမှုန်းခဲ့မှုကြောင့် နောင်ချိုမြို့ကို ပြန်လည်သိမ်းပိုက် ရရှိခဲ့ခြင်းဖြစ်ကြောင်း SAC ဒုတိယဥက္ကဋ္ဌက ပြောကြားသည်။
ထိုကဲ့သို့ တပ်မတော်၏ ဂုဏ်ကိုမြှင့်တင်နိုင်ခဲ့သည့် တိုက်ပွဲဝင်အရာရှိစစ်သည်များအား တပ်မတော်ကိုယ်စား၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်စား မိမိအနေဖြင့် ကျေးဇူးတင်ဂုဏ်ယူဝမ်းမြောက်ပါကြောင်းကို ပြောကြားလိုကြောင်း၊ ထိုသို့ ရရှိထားသည့် အစဉ်အလာကောင်းများကို ဆက်လက်ထိန်းသိမ်း စောင့်ရှောက်သွားကြရန်လိုကြောင်း SAC ဒုတိယဥက္ကဋ္ဌက ပြောကြားသည်။

ယာယီနေရပ်စွန့်ခွာနေရသည့် အကြမ်းဖက်သောင်းကျန်းသူများကြောင့် ဒေသခံတိုင်းရင်းသား ပြည်သူများအနေဖြင့် တပ်မတော်ကို မည်မျှယုံကြည် အားကိုးသည်ကို အားလုံးအသိပင်ဖြစ်ကြောင်း၊ ထို့ကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ဒေသခံပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် နေထိုင်စားသောက်နိုင်ရေး၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် နယ်မြေလုံခြုံရေးနှင့် နယ်မြေစိုးမိုးရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း SAC ဒုတိယဥက္ကဋ္ဌက ပြောကြားသည်။
ထို့နောက် SAC ဒုတိယဥက္ကဋ္ဌနှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး နိုင်နိုင်ဦးတို့က စစ်မြေပြင်တွင် စွမ်းစွမ်းတမံ ထမ်းဆောင်ခဲ့မှုကြောင့် စစ်မြေပြင် တစ်ဆင့်မြင့်ရာထူး တိုးမြှင့်ခြင်းခံရသည့်စစ်သည်များကို အဆင့်တံဆိပ်များ တပ်ဆင်ပေးခဲ့သည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)နှင့် အဖွဲ့ဝင်များသည် ရောက်ရှိကြပြီး ယာယီဆေးရုံအတွင်း လာရောက်ဆေးကုသမှုခံယူလျက်ရှိသည့် ဒေသခံပြည်သူများကို လိုက်လံကြည့်ရှုအားပေးစကား ပြောကြားပြီး ရင်းရင်းနှီးနှီး နှုတ်ဆက်ကာ ဒေသခံပြည်သူများအား ထောက်ပံ့ငွေများကိုလည်းကောင်း၊ ကျန်းမာရေး ဝန်ထမ်းများအတွက် ချီးမြှင့်ငွေများကိုလည်းကောင်း ပေးအပ်သည်။
ဇူလိုင် ၂၀ ရက်မှစတင်၍ နောင်ချိုမြို့ရှိ မြနန်းတော်ဝင် မင်္ဂလာခန်းမ၌ တပ်မတော်နှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ပူးပေါင်းကာ ယာယီဆေးရုံဖွင့်လှစ်ခဲ့ပြီးနောက် ယနေ့တွင် ဆေးလာရောက်ကုသသူ ဦးရေ ၁၆၀ ရှိကြောင်း၊ ကူးစက်ရောဂါကာကွယ်ဆေးများ ထိုးနှံပေးနိုင်ရေး အမြန်ဆုံးဆောင်ရွက်ပေးသွားရန် စီစဉ်လျက်ရှိကြောင်း၊ အရေးပေါ် ကုသရေးလုပ်ငန်းဆောင်ရွက်နိုင်ရန်အတွက် Mobile ဆေးကုသရေးယာဉ်များ မကြာမီ ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။ နောင်ချိုမြို့မှ အသက် ၁၅ နှစ်အရွယ် လူနာတစ်ဦးကို ပြင်ဦးလွင်မြို့ရှိ တပ်မတော် ဆေးရုံ၌ ဆေးကုသမှုခံယူနိုင်ရန်အတွက် မိသားစုဝင်များနှင့်အတူ ရဟတ်ယာဉ်ဖြင့် တစ်ပါတည်း ခေါ်ဆောင်လာခဲ့သည်။


SAC ဒုတိယဥက္ကဋ္ဌသည် နောင်ချိုမြို့ရှိ မြို့နယ်ခန်းမ၌ ဒေသခံတိုင်းရင်းသား ပြည်သူများနှင့် တွေ့ဆုံစဉ် နောင်ချိုမြို့ကို တပ်မတော်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက အကြောင်းကြောင်းကြောင့် ခေတ္တစွန့်ခွာခဲ့ရကြောင်း၊ တပ်မတော်သားများသည် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ထမ်းဆောင်ရန် ၂၄ နာရီတာဝန်ရှိပြီး ပြည်သူများအပေါ် ကျရောက်လာမည့် ဘေးအန္တရာယ်များရန်မှ ကာကွယ်စောင့်ရှောက်ရမည့် တာဝန်လည်းရှိကြောင်း ပြောကြားသည်။
သို့သော်လည်း အကြမ်းဖက်ဖြစ်စဉ်များတွင် နောက်ကွယ်မှ အဆင့်မြင့်နည်းပညာများဖြင့် ကူညီပေးမှုများ၊ အားပေးအားမြောက်မှုများနှင့် ထောက်ပံ့ပေးမှုများကြောင့် နောင်ချိုဒေသတစ်ဝိုက်မှ အဆင့်ဆင့် တောင်ခမ်းဒေသနှင့် ပြင်ဦးလွင်-နောင်ချိုမြို့ နယ် နယ်နိမိတ်အစပ်အထိ ခွာစစ်ဆင်ခဲ့ရကြောင်း၊ နောင်ချိုမြို့နယ်ရှိ ဒေသပြည်သူများ၏ ဘေးအန္တရာယ်ကင်းရှင်းစွာနှင့် လူမှုစီးပွားဘဝ ပြန်လည်ထူထောင်နိုင်ရေးအတွက် မိမိတို့တပ်မတော်သားများတွင် တာဝန်ရှိသည့် အားလျော်စွာ လိုအပ်သည့် အုပ်ချုပ်မှုကိစ္စများအား တောင်ခမ်းတပ်နယ်၌ ပြင်ဆင်စုဖွဲ့မှုများပြုလုပ်ပြီး အောင်ဇေယျစစ်ဆင်ရေးဖြင့် အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေး (Counter- Terrorism Operation) ကို ရင်ကိုမြေကတုတ်ဖြင့် ငါ့နိုင်ငံတော်၊ ငါ့နိုင်ငံသား၊ ငါ့တပ်မတော်အတွက် ငါ၏ အသက်ကို စွန့်လွှတ်ရန် အဓိဋ္ဌာန်ပြုပါ၏ဟု မနက်/ညနေတိုင်း သစ္စာလေးချက်ရွတ်ဆိုကြသူများပီပီ မဆုတ်မနစ်သော ဇွဲ၊ လုံ့လ၊ ဝီရိယဖြင့် ဆောင်ရွက်ခဲ့၍လည်း ယခုကဲ့သို့ နောင်ချိုမြို့အား ပြန်လည်ထိန်းချုပ်ကာ အောင်ပွဲဆင်နိုင်ခဲ့ခြင်းဖြစ်ကြောင်း SAC ဒုတိယဥက္ကဋ္ဌက ပြောကြားသည်။

မိမိတို့နိုင်ငံတော်အစိုးရ ပညာရေးဝန်ကြီးဌာနအနေဖြင့်လည်း ကျောင်းများအမြန်ဆုံး ဖွင့်လှစ်နိုင်ရေးနှင့် ဇူလိုင် ၂၂ ရက်(မနက်ဖြန်)မှစ၍ ကျောင်းအပ်နှံနိုင်မှု စတင်လက်ခံရန် စီစဉ်ထားပြီးဖြစ်သကဲ့သို့ မိမိအနေဖြင့် မေတ္တာရပ်ခံလိုသည်မှာ မိမိတို့၏ အနာဂတ်နိုင်ငံတော်ကို ဦးဆောင်နိုင်သည့် မျိုးဆက်သစ်ရင်သွေးငယ်များကို စာသင်ကျောင်းများသို့ မဖြစ်မနေ ပညာသင်ကြားနိုင်ရန် စေလွှတ်ပေးရန်ဖြစ်ကြောင်း၊ ပညာသင်ကြားပေးကြရမည့် ဆရာဆရာမများကလည်း ကျောင်းဖွင့်ချိန် နောက်ကျခဲ့သည့်အတွက် ကျောင်းသင်ခန်းစာများကို ကျောင်းပိတ်ရက်အချို့မှ ရယူ၍ သင်ခန်းစာအကုန် သင်ကြားပေးစေလိုကြောင်းနှင့် တတ်မြောက်အောင်လည်း သင်ကြားပေးရန် တိုက်တွန်းလိုကြောင်း SAC ဒုတိယဥက္ကဋ္ဌက ပြောကြားသည်။
နောင်ချို့ဒေသအတွင်း အကြမ်းဖက်သမားများ ဖျက်ဆီးခဲ့သည့် ဘာသာရေးဆိုင်ရာအဆောက်အဦ၊ ဆေးရုံ၊ ဌာနဆိုင်ရာအဆောက်အဦများနှင့် ဒေသခံပြည်သူများ၏ ပျက်စီးသွားသည့် အဆောက်အဦများကို Level 1/11 စစ်ဆေး၍ လိမ္မော်နှင့် အနီရောင်အဆင့် ခွဲခြားသတ်မှတ်ကာ အဆောက်အဦများ ပြန်လည်ပြုပြင်ပေးရေးနှင့် အသစ်ပြန်လည်တည်ဆောက်ရေးကော်မတီမှ ထုတ်ပြန်ထားသည့် လုပ်ငန်းအစီအမံအတိုင်း အဆင့်လိုက် အမြန်ဆုံးဆောင်ရွက်ကြရန်နှင့် ဦးစားပေးအဖြစ် စာသင်ကျောင်းနှင့် ဆေးရုံအား ချက်ခြင်းစတင်ဆောင်ရွက်ရန် SAC ဒုတိယဥက္ကဋ္ဌက မှာကြားသည်။
