၂၁. ၇. ၂၀၂၅
Written by Nyein Kyaw
မြန်မာ့တပ်မတော်မှအရာရှိ၊ စစ်သည်များအနေဖြင့် ကုလသမဂ္ဂငြိမ်းချမ်းရေး ထိန်းသိမ်းစောင့်ရှောက်မှုဆိုင်ရာ လုပ်ငန်းတာဝန်များ သိရှိနိုင်စေရန်အတွက် မြန်မာ့တပ်မတော်နှင့် အိန္ဒိယတပ်မတော်တို့ ပူးပေါင်းဖွင့်လှစ်သော ကုလသမဂ္ဂငြိမ်းချမ်းရေး ထိန်းသိမ်းမှုဆိုင်ရာသင်တန်း (UN Peacekeeping Officer Course) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ Park Royal ဟိုတယ်၌ ပြုလုပ်ခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက် အမှာစကားပြောကြားသည်။
အဆိုပါဖွင့်ပွဲအခမ်းအနားသို့ SAC ဒုတိယဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Mr. Abhay Thakur ၊ စစ်သံမှူးများ၊ အိန္ဒိယတပ်မတော်မှ နည်းပြအရာရှိများ၊ မြန်မာ့တပ်မတော်မှ သင်တန်းသားအရာရှိများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ SAC ဒုတိယဥက္ကဋ္ဌက အမှာစကားပြောကြားခဲ့ပြီးနောက် မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယ နိုင်ငံသံအမတ်ကြီးက အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ Center For United Nations Peacekeeping (CUNPK) မှ နည်းပြအရာရှိတစ်ဦးက အိန္ဒိယနိုင်ငံ၏ UN Peacekeeping Operation တွင် ပါဝင်ဆောင်ရွက်နေမှုအခြေအနေများကို Power Point ဖြင့် ရှင်းလင်းတင်ပြသည်။

ယင်းနောက် SAC ဒုတိယဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာကြသည့် (CUNPK)မှ နည်းပြအရာရှိများ၊ သင်တန်းသားများနှင့်အတူ အမှတ်တရစုပေါင်း ဓာတ်ပုံရိုက်ကြသည်။
အဆိုပါသင်တန်းသည် (၈) ကြိမ်မြောက် ဖွင့်လှစ်ခြင်းဖြစ်ပြီး ၂၀၁၆ ခုနှစ်မှ ၂၀၁၉ ခုနှစ်အတွင်း အရာရှိ ၁၃၀ ဦး၊ စစ်သည် ၈၄ ဦးတက်ရောက်ခဲ့ကြကာ ယခုသင်တန်းတွင် အရာရှိ ၃၀ ဦး တက်ရောက်ကြမည်ဖြစ်ကြောင်းသိရှိရသည်။
သင်တန်းတွင် ကုလသမဂ္ဂငြိမ်းချမ်းရေးထိန်းသိမ်းမှုလုပ်ငန်းများ၏ သမိုင်းကြောင်း၊ ဖွဲ့စည်းပုံ၊ စည်းမျဉ်းများနှင့် ဆောင်ရွက်နေမှုများ၊ ကုလသမဂ္ဂငြိမ်းချမ်းရေး ထိန်းသိမ်းရေးအဖွဲ့များ စောင့်ထိန်းလိုက်နာရမည့် ကျင့်ဝတ်များ၊ အရပ်သားများအား ကာကွယ်စောင့်ရှောက်မှု၊ ကလေးသူငယ်များအား ကာကွယ်စောင့်ရှောက်မှု၊ စစ်ဘက်-အရပ်ဘက် ပူးပေါင်းဆောင်ရွက်မှု၊ ကင်းလှည့်ခြင်း၊ ယာဉ်တန်းလုံခြုံရေး ဆောင်ရွက်ခြင်း၊ တပ်ခွဲအခြေချစခန်းတည်ဆောက်ခြင်း၊ လေ့ကျင့်ခန်း BlueHelmet စသည့် ဘာသာရပ်များကို စာတွေ့၊ လက်တွေ့လေ့ကျင့်သင်ကြား ပေးသွားမည် ဖြစ်ပြီး ဩဂုတ်လ ၁ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်သည်။
