၂၁.၇.၂၀၂၅.
Translated by Htwe Ko Tun
ဘင်္ဂလားဒေ့ရှ် လေတပ်မှ FT-7 BGI ဂျက်တိုက်လေယာဉ်တစ်စင်းမှာ နည်းပညာပိုင်းဆိုင်ရာချွတ်ယွင်းမှုကြောင့် လေယာဉ်ကွင်းမှပျံတက်ပြီး မကြာမီမှာပင် ဇူလိုင်လ ၂၁ ရက် မွန်းလွဲပိုင်းက ပျက်ကျခဲ့ရာ အနည်းဆုံးလူ ၁၉ ဦးသေဆုံးပြီး ၁၆၄ ဦးဒဏ်ရာရခဲ့ကြောင်း Dhaka Tribune သတင်းစာကဖော်ပြခဲ့သည်။
လေယာဉ်မှူးက လေယာဉ်ကို မြေပြင်ရှိလူများ ထိခိုက်မှုအနည်းဆုံးဖြစ်စေရန် လူဦးရေထူထပ်သောနယ်မြေသို့ ပျက်မကျစေရန်အတွက် အတတ်နိုင်ဆုံးကြိုးစားအားထုတ်ကာ ရှောင်တိမ်းမောင်းနှင်ခဲ့ကြောင်း ဌာနဆိုင်ရာများအကြား ဆက်သွယ်ရေးဌာန(ISPR) ၏ကြေညာချက်တစ်ရပ်တွင် ဖော်ပြခဲ့သည်။




သို့သော် တိုက်လေယာဉ်က ကံမကောင်းစွာပင် မြို့တော်ဒက်ကာ၏ အတ်တာရာမြို့နယ်၊ ဒိုင်ယာဘာရီ နယ်မြေရှိ Milestone School and College ကောလိပ်ကျောင်း၏ နှစ်ထပ်အဆောက်အအုံပေါ်သို့ ပျက်ကျခဲ့ရာ လေယာဉ်မှူးအပါအဝင် အနည်းဆုံး ၁၉ ဦးသေဆုံးခဲ့ရကြောင်း သတင်းထုတ်ပြန်ချက်များ က ဖော်ပြခဲ့သည်။
ISPR ကြေညာချက်တွင်လေယာဉ်မှာ ဒက်ကာမြို့အနီး၊ ကာမီတိုလာမြို့ရှိ လေတပ်အခြေစိုက်စခန်းမှ မွန်းလွဲ ၁း၀၆ နာရီတွင် ပျံတက်လာခဲ့ခြင်းဟု ဆိုသည်။သို့သော် လေ့ကျင့်ပျံသန်းမှုခရီးစဉ်အရ ပျံတက်လာသော FT-7 BGI ဂျက်တိုက်လေယာဉ်မှာ ပျံတက်လာပြီး မကြာမီမှာပင် စက်ပိုင်းဆိုင်ရာချွတ်ယွင်းမှုနှင့်ကြုံတွေ့ခဲ့ခြင်းဟုကြေညာချက်က ဖော်ပြခဲ့သည်။အသေးစိတ်ကိုမူ စုံစမ်းစစ်ဆေးမှုအပြီးတွင် ကြေညာ သွားမည်ဟုလည်းသိရသည်။
လေယာဉ်ပျက်ကျချိန်တွင် ကျောင်းသားအချို့မှာ ကျောင်းစားသောက်ဆိုင်၌ ရှိနေကြသည်။ ကျန်သူများမှာ ၎င်းတို့၏ အတန်းများပြီးဆုံး၍ မတ်တပ်ရပ်အနားယူနေကြချိန်တွင် လေယာဉ်က ဆောက်အအုံပေါ်ပျက်ကျခဲ့ခြင်းဖြစ်သည်။
အနီးရှိသူများက မွန်းလွဲ ၁း၁၅ နာရီခန့်တွင် Milestone School and College ကောလိပ်ကျောင်း၏ ကျောင်းဝင်းအတွင်းမှ ကျယ်လောင်လှသောပေါက်ကွဲသံကြီးကြားလိုက်ရခြင်းဟု ပြောကြသည်။ လေယာဉ်က ဦးစွာ ကျောင်း၏ ခုနစ်ထပ်အဆောက်အအုံအမိုးကို တိုက်မိကာ ထို့နောက်တွင် နှစ်ထပ်အဆောက်အအုံပေါ်သို့ပျက်ကျ၍ ပြင်းထန်စွာပေါက်ကွဲခဲ့ခြင်းဟုလည်း သိရသည်။ထိုအချိန်က နှစ်ထပ်တိုက်အဆောက်အအုံအတွင်း စုစုပေါင်း ကျောင်းသား ၁၀၀ ကျော်ရှိနေခဲ့ကြသည်ဟုဆိုသည်။
ပေါက်ကွဲမှုကြောင့် မီးလောင်မှုဖြစ်ပွားကာ အဆောက်အအုံတစ်ခုလုံးလျင်မြန်စွာ ကူးစက်လောင်ကျွမ်းခဲ့သည်။ မီးသတ်တပ်ဖွဲ့ဝင်များက မီးကိုလျင်မြန်စွာ ငြှိမ်းသတ်ကာ ဒဏ်ရာရသူများကိုအပျက်အစီးများ ကြားမှကယ်ထုတ်၍ ဆေးရုံများသို့ လျင်မြန်စွာပို့ပေးခဲ့ရကြောင်း သိရသည်။
Ref- Dhaka Tribune
