MT News
၂၀. ၇. ၂၀၂၅
အားကောင်းသော အပူပိုင်းမုန်တိုင်းဝီဖာသက်ရောက်မှုကြောင့် နိုင်ငံတစ်ဝန်းတွင် မနက်ဖြန်မှစ တစ်ပတ်ခန့်ကြာ မိုးထစ်ချုန်းရွာသွန်းနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ညနေပိုင်းတိုင်းထွာချက်များအရ အသိပေးထားသည်။

ယနေ့မြန်မာစံတော်ချိန် ညနေ ၄ နာရီခွဲအချိန် တိုင်းထွာချက်များအရ တရုတ်နိုင်ငံတောင်ပိုင်း ကမ်းခြေအနီးတွင် ဖြစ်ပေါ်နေသော အားကောင်းသောအပူပိုင်းမုန်တိုင်း“ဝီဖာ” (WIPHA) သည် အနောက်ဘက်သို့ ရွေ့လျားနိုင်ပြီး၊ ဇူလိုင် ၂၂ ရက်နေ့တွင် ဗီယက်နမ်နိုင်ငံမြောက်ပိုင်းဒေသများသို့ ဆက်လက် ဖြတ်ကျော်နိုင်ကာ မုန်တိုင်း၏ အကြွင်းအကျန်တိမ်တိုက်များသည် မြန်မာနိုင်ငံသို့ ရောက်ရှိလာနိုင် ခြင်းကြောင့်လည်းကောင်း၊ ဇူလိုင် ၂၄ ရက်နေ့တွင် ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်း၌ ဖြစ်ပေါ် လာနိုင်မည့် လေဖိအားနည်းရပ်ဝန်း၏အရှိန်ကြောင့်လည်းကောင်း၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းရာမှ အားအလွန်ကောင်းလာနိုင်ခြင်းကြောင့်လည်းကောင်း ဇူလိုင် ၂၁ ရက်နေ့မှ ၂၆ ရက်နေ့အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်း ရွာကာ ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးမည်ဖြစ်သည်။

ထို့အပြင် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးကာ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် ၃၅ မိုင်မှ မိုင် ၄၀ အထိ တိုက်ခတ်နိုင်သည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၁၀ ပေမှ ၁၄ ပေခန့် ရှိနိုင်မည်ဖြစ်သည်။
သို့ဖြစ်ပါ၍ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် အဆိုပါဒေသများရှိ ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုရှောင်ရှားနိုင်ရန်နှင့် ပြည်တွင်းရေကြောင်းသွားလာရေး၊ လေကြောင်းပျံသန်းရေးနှင့် ဆည်မြောင်းတာတမံများအနေဖြင့် လိုအပ်သည်များ ကြိုတင်ပြင်ဆင်ဆောင်ရွက် ထားနိုင်ပါရန် သတိပေးနှိုးဆော်ထားသည်။
