၂၀. ၇. ၂၀၂၅
Written by Nay Moe
ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၃၁၈ မိုင် ၆ ဖာလုံအနီးတွင် ရဲလှည့်ကင်းကားကို မြင်းခြံနှင့် နွားထိုးကြီး PDF များ လာရောက်ချောင်းမြောင်းပစ်ခတ်မှုကြောင့် ယနေ့ နံနက်ပိုင်းတွင် ပစ်ခတ်မှုအချို့ဖြစ်ပွားခဲ့သည်။
ယနေ့ ဇူလိုင်လ ၂၀ ရက် နံနက် ၆ နာရီကျော်အချိန်တွင် မြင်းခြံနှင့် နွားထိုးကြီး PDF များက ရဲကားကို စတင်ပစ်ခတ်မှုကြောင့် တိုက်ပွဲစတင်ဖြစ်ခဲ့ပြီး အပြန်အလှန်ပစ်ခတ်မှုများကြောင့် ခရီးသွားပြည်သူများ ဖြတ်သန်းသွားလာရဲမှုမရှိကြသလို လမ်းကြောမှာလည်း ၉ နာရီခန့်အထိ ယာယီပိတ်ခဲ့ရသည်။

PDF များ ယနေ့ ပစ်ခတ်မှုပြုလုပ်သော မိုင်တိုင် ၃၁၈ မိုင်အနီးတွင် မြင်းခြံ၊ နွားထိုးကြီးနှင့် တစ်ကြောတည်းဖြစ်သော ပြင်စည်ရွာရဲကင်းစခန်းနှင့် မီးသတ်စခန်းတို့ရှိပြီး ထိုစခန်းနှစ်ခုကို မကြာခဏတိုက်ခိုက်နေသော မြင်းခြံနှင့် နွားထိုးကြီး PDF များက တိုက်ခိုက်ပြေးရန် လူစုဖွဲ့နေသည်ကို သိရှိသဖြင့် ဇူလိုင် ၁၈ ရက်နေ့တွင် မြင်းခြံနှင့် နွားထိုးကြီး PDF များ ၂၀၀ ခန့်စုဖွဲ့နေသော ဖက်ပင်အိုင်ဘုန်းကြီးကျောင်းကို Gyrocopter သုံးစီးဖြင့် ချေမှုန်းရာ PDF များ အထိနာခဲ့သဖြင့် အာဇာနည်နေ့တွင် တိုက်ခိုက်မည့်အစီအစဥ်တစ်ရက်နောက်ဆုတ်သွားပြီးမှ ယနေ့နံနက်တွင် အမြန်လမ်းပေါ်တက်လာကာ လက်နက်မပါသော ရဲကားကို ကျည်အချက် ၁၀၀ ခန့်ပစ်ပြေးကြောင်း၊ ဖြစစဥ်နေရာမှ ကျည်ခွံ ၁၀၀ ခန့် တွေ့ရှိခဲ့ကြောင်း၊ ထိုသို့ပစ်ခတ်ပြေးသော မြင်းခြံနှင့် နွားထိုးကြီး PDF များ၏ ဦးတည်ရာမှာ ဇီးတောနှင့် ကုက္ကိုလ်စုရွာဖြစ်သဖြင့် လိုက်လံချေမှုန်းနေကြောင်း သိရှိရသည်။

ပြင်စည်ရဲစခန်းကို မြင်းခြံနှင့် နွားထိုးကြီး PDF များက ယခုနှစ် မတ်လ ၁၉ ရက်နေ့နှင့်၂၀၂၄ ဒီဇင်ဘာ ၁၂ ရက်နေ့ကလည်း တိုက်ခိုက်ခဲ့ဖူးသည်။ ယနေ့ တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး အမြန်လမ်းပေါ်မှ ရဲကင်းစခန်းချို့ကို မကြာခဏတိုက်ခိုက်နေသည့် မြင်းခြံခရိုင်တပ်ရင်း(၄)နှင့် တပ်ရင်း(၁၀) ဖြစ်သောနွားထိုးကြီး PDF က ဝန်ခံခြင်းမရှိသေးပေ။
ကနဦးသတင်းများအရ ပစ်ခတ်ခံရသော ရဲကားတွင် ထိခိုက်ဒဏ်ရာရမှုအချို့ရှိကြောင်း သိရသော်လည်း MT News က မြေပြင် အတည်မပြုနိုင်ချေ။
