MT News
၂၀. ၇. ၂၀၂၅
မြန်မာကို ကမ္ဘာနှင့် ရင်ပေါင်တန်းနိုင်ရန် ဗိုလ်ချုပ်အောင်ဆန်း မျှော်မှန်းခဲ့သလို တိုင်းရင်းသားညီအစ်ကိုမောင်နှမအားလုံး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နှင့် လုပ်ကိုင်သွားကြဖို့ လိုအပ်ပြီဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ(SAC)၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
၂၀၂၅ ခုနှစ် (၇၈)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို ဇူလိုင် ၁၉ ရက် နံနက် ၈ နာရီ တွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိအာဇာနည်ဗိမာန်၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဂါရဝပြုခဲ့သည်။

အာဇာနည်နေ့အခမ်းအနားသို့ တက်ရောက်ဂါရဝပြုခဲ့သည့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား နိုင်ငံပိုင်မီဒီယာများက အာဇာနည်နေ့အခမ်းအနားနှင့်စပ်လျဉ်း၍ တွေ့ဆုံမေးမြန်းခဲ့ရာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က”ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ပြီး မြန်မာနိုင်ငံ လွတ်လပ်ရေးရဖို့အတွက် ကြိုးစားသွားတယ်။ လွတ်လပ်ရေး ရပြီးတဲ့အချိန်မှာလည်း မြန်မာနိုင်ငံကို ကမ္ဘာနဲ့ ရင်ပေါင်တန်းနိုင်တဲ့ နိုင်ငံတစ်ခုအဖြစ်သွားနိုင်ဖို့ ဗိုလ်ချုပ်မျှော်မှန်းခဲ့တယ် ဆိုတာ ဗိုလ်ချုပ်ရဲ့ ပြောကြားချက်တွေမှာ အများကြီးပါပါတယ်။ ဒါကို ကျွန်တော်တို့လက်ရှိ ရှိနေတဲ့ မြန်မာနိုင်ငံသူ နိုင်ငံသားတွေအားလုံး ဝိုင်းဝန်းကြိုးစားရမှာ ဖြစ်ပါတယ်။ ဝိုင်းဝန်းကြိုးစားတဲ့အခါမှာလည်း အားလုံးညီညီ ညွတ်ညွတ်နဲ့ တိုင်းပြည်ကိုတကယ်ကောင်းအောင် လုပ် မယ်ဆိုတဲ့စိတ်နဲ့ လုပ်ကြတာကောင်းပါတယ်။ ဗိုလ်ချုပ်တို့က အသက်စွန့်ပြီးတော့၊ အသက်ပေးပြီးတော့ လုပ်သွား ကြတာပါ။ ဒါ့အပြင် တိုင်းပြည်ရဲ့တန်ဖိုးက လွတ်လပ်ရေးပါ။ နောက်တစ်ခါ ဖွံ့ဖြိုးတိုးတက်ရေး၊ ဒါတွေရှိတယ်။ သို့သော်လည်း စည်းနဲ့ကမ်းနဲ့ဖြစ်တဲ့စနစ်မျိုးတော့ ဖြစ်ဖို့လိုပါတယ်။ ဒီလိုမဟုတ်ဘဲ စည်းမဲ့ကမ်းမဲ့လုပ်မယ်ဆိုရင် တိုင်းပြည်အတွက် အန္တရာယ်လည်း ရှိပါတယ်။ ဒါကြောင့် ဗိုလ်ချုပ် မျှော်မှန်းခဲ့တဲ့လမ်းကြောင်းအတိုင်းပဲ တိုင်းသူပြည်သား အားလုံး၊ တိုင်းရင်းသားညီအစ်ကိုမောင်နှမအားလုံး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ လုပ်ကိုင်သွားကြဖို့ လိုပါတယ်” လို့ ကျွန်တော်ပြောချင်ပါတယ်” ဟု ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
