၁၈. ၇. ၂၀၂၅
Written by Nyein Kyaw
ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေမှ အတိုးနှုန်း ၅ ရာခိုင်နှုန်းဖြင့် ကျပ်သိန်း ၁၀၀ မှ ကျပ်သိန်း ၅,၀၀၀ အထိနှင့် ကျပ်သိန်း ၅,၀၀၀ အထက်လိုအပ်ပါကလည်း ထုတ်ချေးပေးသွားမည်ဖြစ်၍ ငွေကြေးအရင်းနှီးလိုအပ်နေသော ဆီစက်လုပ်ငန်းရှင်များ လျှောက်ထားနိုင်ပြီဖြစ်ကြောင်း ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေစီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့မှ အသိပေးကြေညာထားသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်မှုဖြင့် ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေး ချေးငွေစီမံခန့်ခွဲမှုအဖွဲ့သည် ပြည်တွင်းရှိဆီစက်များသို့ အဆင့်မီစက်ပစ္စည်းများ တိုးချဲ့တပ်ဆင်ခြင်း၊ အဆင့်မြှင့်တင်ခြင်း၊ ခေတ်မီဆီစက်အသစ်များ ထပ်မံတည်ဆောက်ခြင်းနှင့် လုပ်ငန်းသုံးရင်းနှီးလည်ပတ်ငွေ လိုအပ်ချက်များအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထူထောင်ထားသည့် ဆီစက်လုပ်ငန်းများဖွံ့ဖြိုး ရေးချေးငွေရန်ပုံငွေမှ အတိုးနှုန်းသက်သာသော ချေးငွေများကို ထုတ်ချေးပေးလျက်ရှိသည်။
ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေအား ထုတ်ချေးလိုသည့် လုပ်ငန်းရှင်များအနေဖြင့် လက်ရှိလုပ်ငန်းလည်ပတ်လုပ်ကိုင်နေသော ဆီစက်ဖြစ်ရမည်၊ လုပ်ငန်းအမည်ပေါက် လိုင်စင်(သက်တမ်းရှိ) ရှိမည်၊ ချေးငွေအတွက် အာမခံအဖြစ် အမည်ပေါက်ပိုင်ဆိုင်သော မရွှေ့မပြောင်းနိုင်သည့်ပစ္စည်းများ၊ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်(ပုံစံ-၇)များကို ပေးအပ်နိုင်ရမည်ဖြစ်သည်။
ထို့ပြင် နိုင်ငံပိုင်ဘဏ်များနှင့် ပုဂ္ဂလိကဘဏ်များတွင် လက်ရှိချေးငွေရယူထားသူများအနေဖြင့် ဆီစက်ဖွံ့ဖြိုးရေးချေးငွေရယူလိုပါက သီးခြားအာမခံ တင်သွင်းနိုင်မှသာ လျှောက်ထားနိုင်ကြောင်းနှင့် FDA လက်မှတ်ရရှိပြီးသူ၊ အသေးစားစက်မှုလုပ်ငန်း မှတ်ပုံတင်လက်မှတ်ရရှိပြီးသူနှင့် သက်ဆိုင်ရာဒေသရှိ ဆီစက်ပိုင်ရှင်များအသင်း၊ ဆီကုန်သည်နှင့် ဆီစက်လုပ်ငန်းရှင်များ အသင်းဝင်လုပ်ငန်းရှင်များအား ဦးစားပေးစဉ်းစားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
ထုတ်ချေးနိုင်သည့် ချေးငွေပမာဏမှာ လုပ်ငန်းသုံးလှည့်ပတ်ရင်းနှီးငွေ (Working Capital) ချေးငွေအတွက် အနည်းဆုံး ကျပ်သိန်း ၁၀၀ မှ အများဆုံး ကျပ်သိန်း ၅,၀၀၀ အထိ၊ မတည်ရင်းနှီးငွေ (Fixed Capital) ချေးငွေအတွက် အနည်းဆုံး ကျပ်သိန်း ၂၀၀ မှ အများဆုံး ကျပ်သိန်း ၅,၀၀၀ အထိနှင့် ကျပ်သိန်း ၅,၀၀၀ အထက် ချေးငွေရယူလိုသော ဆီစက်လုပ်ငန်းရှင်များအနေဖြင့် ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေး ချေးငွေစီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့၊ အတွင်းရေးမှူးရုံး၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(ရုံးချုပ်)သို့ တိုက်ရိုက်ပေးပို့လျှောက်ထားရမည်ဖြစ်သည်။
ချေးငွေအတိုးနှုန်း တစ်နှစ်လျှင် ၅ ရာခိုင်နှုန်းဖြင့် လုပ်ငန်းသုံးလှည့်ပတ်ရင်းနှီးငွေအတွက် ချေးငွေသက်တမ်း (၁) နှစ်ဖြစ်ပြီး မတည်ရင်းနှီးငွေအတွက် ချေးငွေသက်တမ်း (၃)နှစ်၊ ဆိုင်းငံ့ကာလ (၁) နှစ်၊ ပြန်ဆပ်ကာလ (၂)နှစ်၊ (၆)လတစ်ကြိမ် (၄) ရစ်ဆပ်ရမည်ဖြစ်သည်။
ချေးငွေလျှောက်ထားလိုသည့် ဆီစက်လုပ်ငန်းရှင်များအနေဖြင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ်ရှိ ဆီစက်ပိုင်ရှင်များအသင်းရုံးများအားလုံး၊ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းရုံးများအားလုံး၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနရုံးခွဲများ အားလုံး၊ မြန်မာ့စီးပွားရေးဘဏ်ခွဲများအားလုံး၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲများအားလုံးတို့တွင် ချေးငွေအဆိုပြုလွှာများ ရယူလျှောက်ထားနိုင်ကြောင်း သိရသည်။
