◾️ သီလဝါသိုလှောင်ကန်များတွင် ဆီပြည့်လုနီးပါရှိသည့်အပြင် ဆီတင်သင်္ဘောများ အဆက်မပြတ် ဝင်ရောက်နေသည့်အတွက် ယခင်နှစ်ကဲ့သို့ တန်းစီဝယ်ယူရမှုများ မဖြစ်ပေါ်နိုင်
၁၈. ၇. ၂၀၂၅
Written by Nyein Kyaw
ကမ္ဘာ့ရေနံဈေးနှုန်း မြင့်တက်လာမှုကြောင့် ပြည်တွင်းစက်သုံးဆီဈေးနှုန်း မြင့်တက်လာနိုင်သော်လည်း နိုင်ငံခြားငွေလဲလှယ်နှုန်း ကျဆင်းနေမှုကြောင့် ယခုနှစ်ဆန်းပိုင်းက ဖြစ်ပေါ်ခဲ့သည့် ဈေးနှုန်းအောက် တစ်လီတာ ကျပ် ၂၅၀ ကျော် လျော့နည်းဦးမည်ဖြစ်ကြောင်း နိုင်ငံပိုင်မီဒီယာမှတစ်ဆင့် အသိပေးထုတ်ပြန်ထားသည်၊
ကမ္ဘာ့ရေနံစိမ်းဈေးနှုန်းနှင့် အာရှ-ပစိဖိတ်ဒေသတွင်း စက်သုံးဆီဈေးနှုန်းများ အနည်းငယ်မြင့်တက်လာမှုကြောင့် လာမည့်အပတ်တွင် ပြည်တွင်းစက်သုံးဆီဈေးနှုန်းများလည်း မြင့်တက်နိုင်မည်ဟု သုံးသပ်ခန့်မှန်းရကြောင်း ဖော်ပြထားသည်။
သို့သော်လည်း ပြည်တွင်းနိုင်ငံခြားငွေလဲလှယ်နှုန်း ကျဆင်းမှုကြောင့် နှစ်ဆန်းပိုင်းက ဖြစ်ပေါ်ခဲ့သည့် ဈေးနှုန်းများအောက် တစ်လီတာလျှင် ကျပ် ၂၅၀ ကျော်ခန့်အထိ လျော့နည်းနေဦးမည်ဟု ခန့်မှန်းထားသည်။
ယခင်နှစ်က အရောင်းဆိုင်များတွင် ယာဉ်တန်းစီစောင့်ဆိုင်း ဝယ်ယူမှုများဖြစ်ပေါ်ခဲ့သော်လည်း ယခုနှစ်တွင် အလားတူယာဉ်တန်းစီဝယ်ယူမှုမျိုး မတွေ့ရကြောင်းနှင့် သီလဝါသိုလှောင်ကန်များတွင် စက်သုံးဆီများပြည့်လုနီးပါးရှိနေသည့်အပြင် မှာယူထားသည့် ဆီတင်သင်္ဘောများလည်း အဆက်မပြတ် ဝင်ရောက်လျက်ရှိနေသည်ဟု လုပ်ငန်းရှင်အသိုင်းအဝိုင်းများထံမှ သိရသည်။
ထို့ပြင် စက်သုံးဆီလုပ်ငန်းရှင်များ အခက်အခဲမဖြစ်ပေါ်စေရန် နိုင်ငံခြားငွေများ ထုတ်ရောင်းပေးခဲ့ရာ ယခု ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် သုံးလကျော်အတွင်း စုစုပေါင်းဒေါ်လာသန်း ၄၀၀ နှင့် ထိုင်းဘတ်သန်း ၂၀၀ အထိ ထုတ်ရောင်းပေးထားခြင်းဖြစ်သည်။ ထို့ကြောင့် စက်သုံးဆီဈေးနှုန်း မြင့်တက်သင့်သည်ထက် မြင့်တက်လာခြင်းမရှိသည်ကိုလည်း လေ့လာတွေ့ရှိရသည်။
ယခု ၂၀၂၅ ခုနှစ် နှစ်အစပိုင်းဖြစ်သည့် ဇန်နဝါရီလကုန်ပိုင်းတွင် ပြည်တွင်းစက်သုံးဆီ ဈေးနှုန်းသည် ဓာတ်ဆီ ၉၂ တစ်လီတာ ၃၁၃၀ ကျပ်၊ ဓာတ်ဆီ ၉၅ တစ်လီတာ ၃၂၆၀ ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာ ၂၈၆၅ ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာ ၃၅၂၅ အထိ အဆမတန်မြင့်တက်မှုများဖြစ်ပေါ်ခဲ့သည်။
ထို့ကြောင့် စက်သုံးဆီလုပ်ငန်းများအတွက် နိုင်ငံခြားငွေများ ထုတ်ရောင်းပေးခဲ့မှုအပြင် ဆီးဈေးနှုန်း တက်သင့်သည်ထက် မြင့်တက်လာအောင် ဆောင်ရွက်ခဲ့သော ဝိသမလောဘသမားများအား သိပေးခြင်း၊ အရေးယူမှုများ ဆောင်ရွက်ခဲ့ရသည်။
ယင်းကဲ့သို့ ဆောင်ရွက်မှုများကြောင့် ယခုတစ်ကြိမ် ကမ္ဘာ့ရေနံဈေးနှုန်း မြင့်တက်လာသော်လည်း ပြည်တွင်း စက်သုံးဈေးနှုန်း အဆမတန်မြင့်မှုများ မရှိလာသကဲ့သို့ စက်သုံးဆီ စိတ်ကြိုက်ဝယ်ယူခွင့်မရဘဲ ကိုတာစနစ်ဖြင့် ဆီဆိုင်များတွင် တန်းစီဝယ်ယူရမှုများ ဖြစ်ပေါ်လာခြင်း မရှိသည်ကိုလည်း လေ့လာတွေ့ရှိရသည်။
ယနေ့တွင် ပြည်တွင်းစက်သုံးဆီဈေးနှုန်းများမှာ ဓာတ်ဆီ ၉၂ တစ်လီတာ ၂၉၆၅ ကျပ်၊ ဓာတ်ဆီ ၉၅ တစ်လီတာ ၃၀၂၀ ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာ ၂၆၈၅ ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာ ၃၃၃၀ ကျပ်ရှိဖြစ်ကြောင်း ပြည်တွင်း စက်သုံးဆီအရောင်းဆိုင်များမှ ထုတ်ပြန်ထားသည့် ဈေးနှုန်းများအရ သိရသည်။
ထို့ကြောင့် လက်ရှိစက်သုံးဆီဈေးနှုန်းသည် ၂၀၂၅ ခုနှစ် ဇန်နဝါရီလကုန်ပိုင်းတွင် ဖြစ်ပေါ်ခဲ့သည့် ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ဓာတ်ဆီ ၉၂ တစ်လီတာ ၁၆၅ ကျပ်၊ ဓာတ်ဆီ ၉၅ တစ်လီတာ ၂၄၀ ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာ ကျပ် ၁၈၀ ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာ ကျပ် ၁၉၅ ကျပ်အထိ လျော့နည်းနေသည်ကို တွေ့ရှိရသည်။





