◾️ နိုင်ငံအတွက် အဓိကလိုအပ်သည့် လျှပ်စစ်ထုတ်လုပ်ရေး၊ စိုက်ပျိုးရေး၊ EV ထုတ်လုပ်ရေးအပြင် ဝန်ဆောင်မှုနှင့် စားသောက်ကုန် ထုတ်လုပ်ရေးတို့ကို ခွင့်ပြုပေးခဲ့
၁၈. ၇. ၂၀၂၅
Written by Nyein Kyaw
ယခု ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ရင်းနှီးမြှုပ်နှံမှုများ စံချိန်တင်ခွင့်ပြုပေးမှုအနေဖြင့် ဒေါ်လာ ၇၂ သန်းကျော်တန်ဖိုးရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံအသစ် ၉ ခုနှင့် ကျပ်ဘီလျံ ၆၇၀ ကျော် တန်ဖိုးရှိ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုအသစ် ၂၆ ခုအထိ ထပ်မံခွင့်ပြုပေးခဲ့ကြောင်း ယမန်နေ့က ပြုလုပ်သည့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၄/၂၀၂၅) ကြိမ်မြောက် အစည်းအဝေးမှ သိရသည်။
အစည်းအဝေးတွင် ဆောင်ရွက်ဆဲ လက်ရှိရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ မ,တည်ငွေရင်းတိုးမြှင့်ခြင်း အပါအဝင် စက်မှုကဏ္ဍနှင့် ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍမှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ် ၉ ခုကိုလည်းကောင်း၊ စက်မှု၊ ဟိုတယ်ခရီး၊ ဝန်ဆောင်မှု၊ လျှပ်စစ်၊ စိုက်ပျိုး၊ မွေးမြူရေး၊ ရေလုပ်ငန်း၊ အိမ်ရာအဆောက်အအုံ၊ သတ္တု၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍများမှ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအသစ် ၂၆ ခု တို့ကိုလည်းကောင်း ခွင့်ပြုပေးခဲ့သည်။
အဆိုပါလုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ ၇၂ ဒသမ ၈၆၅ သန်းနှင့် ငွေကျပ် ၆၇၂,၈၃၅ ဒသမ ၂၆၅ သန်း (ကျပ် ၆၇၂ ဘီလျံကျော်)ဖြစ်ပြီး အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၉,၂၂၀ ကို ဖန်တီးပေးနိုင်မည်ဖြစ်သည်။
ထို့ပြင် ခွင့်ပြုပေးသည့်လုပ်ငန်းများတွင် နိုင်ငံအတွက် အဓိကလိုအပ်သည့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းလုပ်ငန်းများ၊ စိုက်ပျိုးရေးလုပ်ငန်းနှင့် လျှပ်စစ်မော်တော်ယာဉ် ထုတ်လုပ်ခြင်းလုပ်ငန်းများအပြင် ဝန်ဆောင်မှုလုပ်ငန်းများ၊ စားသောက်ကုန်ထုတ်လုပ်ငန်းများနှင့် အလုပ်အကိုင်အခွင့်အလမ်းများစွာ ဖန်တီးပေးနိုင်မည့် အထည်ချုပ်လုပ်ငန်းများလည်း ပါဝင်ခဲ့သည်။
ယခုဘဏ္ဍာနှစ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ခွင့်ပြုပေးခဲ့မှုအား လေ့လာကြည့်ပါက ဧပြီလတွင် ဒေါ်လာ ၂ ဒသမ ၈၅၄ သန်း၊ မေလတွင် ဒေါ်လာ ၂၈ ဒသမ ၉၈၃ သန်းနှင့် ဇွန်လတွင် ဒေါ်လာ ၈ ဒသမ ၀၁၇ သန်းခွင့်ပြုပေးခဲ့ခြင်းဖြစ်ပြီး ကုန်ထုတ်လုပ်မှုကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍနှင့် မွေးမြူရေးနှင့်ရေလုပ်ငန်းကဏ္ဍ သုံးခုတို့တွင်သာ ဒေါ်လာသန်း ၄၀ ကျော်သာ ခွင့်ပြုပေးထားခြင်းဖြစ်သည်။ ယခုအစည်းအဝေးတွင် ဒေါ်လာ ၇၂ သန်းကျော်အထိ အများဆုံးခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံအနေဖြင့် တစ်နှစ်လျှင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၄ ဘီလျံကျော် ခွင့်ပြုပေးနိုင်ခဲ့ရာမှ စီးပွားရေးပိတ်ဆို့မှုများကြောင့် ရင်းနှီးမြှုပ်နှံမှုများ ပြန်လည်ထွက်ခွာမှုနှင့် တုံ့ဆိုင်းမှုများဖြစ်ပေါ်ခဲ့သည့် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်မှစတင်၍ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တစ်နှစ်လျှင်ပျမ်းမျှ ဒေါ်လာ ၁ ဘီလျံနီးပါးသာ ခွင့်ပြုနိုင်ခဲ့ခြင်းလည်းဖြစ်သည်။
၂၀၂၅ ခုနှစ် ဇွန်လကုန်အထိ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံ၊ ဒေသပေါင်း ၅၃ ခု အနက် ရင်းနှီးမြှုပ်နှံမှု အများဆုံးပြုလုပ်သော နိုင်ငံ၊ ဒေသများမှ စင်ကာပူနိုင်ငံ၊ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့ဖြစ်ပြီး စီးပွားရေးကဏ္ဍ ၁၂ ခုအနက် အများဆုံးရင်းနှီးမြှုပ်နှံထားသည့် ကဏ္ဍများမှာ စွမ်းအင်ကဏ္ဍ၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍနှင့် စက်မှုကဏ္ဍတို့ဖြစ်ကြောင်း သိရသည်။



