ဖြိုးဝေ
၁၄. ၇. ၂၀၂၅
၂၀၂၀ ပြည့်နှစ် ဧပြီလက စ ကုမ္ပဏီ/လုပ်ငန်း စုစုပေါင်း ၅၉၉၀ ထံ ကိုဗစ်ချေးငွေအဖြစ် ကျပ် ၁၅၈ ဒသမ ၄၄၃ ဘီလျံ ခွင့်ပြုထုတ်ချေးထားမှုဟာ သုံးနှစ်ကျော်ကာလဖြစ်တဲ့ ၂၀၂၄ ခုနှစ် မေလကုန်အထိ အရင်းအကျေဆပ်တဲ့ ကုမ္ပဏီ/လုပ်ငန်း ၁၂၀၅ ခုသာရှိပြီး အရင်းအလီလီဆပ်တဲ့ ကုမ္ပဏီ/လုပ်ငန်းက ၁၃၂၆ ခုပဲရှိသလို အရင်းလုံးဝမဆပ်တဲ့ ကုမ္ပဏီ/လုပ်ငန်းက အများဆုံးနဲ့ ၃၄၅၉ ခုအထိ ကျန်ရှိနေသေးတယ်လို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ သိရပါတယ်။ ဒီလိုမျိုး ပြည်သူ့ပိုက်ဆံချေးပြီး ပြန်မဆပ်တဲ့လုပ်ငန်းတွေမှာ နိုင်ငံရေးကြံရွယ်ချက် ပါမပါ စိစစ်ဖို့ လိုအပ်လာပြီလို့ ယူဆရချိန်မှာပဲ ကိုဗစ်-၁၉ ချေးငွေ အတိုး၊ အရင်းမပေးဆပ်တဲ့ ကုမ္ပဏီ/လုပ်ငန်းတွေကနေ ငလျင်ဘေးဒဏ် အမှန်တကယ် ထိခိုက်ခံစားခဲ့ရတဲ့ ကုမ္ပဏီ/လုပ်ငန်းတွေကို ချန်လှပ်ပြီး ကျန်လုပ်ငန်းတွေကို စီမံခန့်ခွဲမှုနည်းလမ်းအရ အရေးယူဖို့ ရင်းနှီးမြှုပ်နှံ မှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က “ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီ အစည်းအဝေး အမှတ်စဉ် (၂/၂၀၂၅) မှာ ဆွေးနွေးပြောကြားလာတာ တွေ့ရပါတယ်။
အခြားတစ်ဖက်မှာလည်း ငလျင်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှု အများဆုံးဖြစ်ခဲ့တဲ့ တိုင်းနဲ့ပြည်နယ် ၆ ခုမှာ MSMEs ချေးငွေတွေကို သက်သာတဲ့အတိုးနှုန်းနဲ့ ပံ့ပိုးပေးဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့ ဗဟိုဘဏ် အသိပေးလာတာ၊ မိတ္ထီလာဒေသဟာ မြန်မာနိုင်ငံရဲ့ အလယ်လမ်းဆုံကျတာကြောင့် စိုက်ပျိုးမွေးမြူရေးနဲ့ စီးပွားရေး အောင်မြင်အောင် ဆောင်ရွက်နိုင်မယ့် အလားအလာကောင်းများစွာရှိတယ်လို့ SAC ဥက္ကဋ္ဌ ပြောကြားလာတာ၊ သစ်တောဖုံးလွှမ်းမှုတွေ ကျဆင်းလာတာကြောင့် တစ်နိုင်ငံလုံး သစ်တောဖုံးလွှမ်းမှု ၄၂ ရာခိုင်နှုန်းကျော်ပဲ ကျန်ရှိတော့လို့ သစ်တောဖုံးလွှမ်းမှုဧရိယာ ၅၀ ရာခိုင်နှုန်းအထိ ပြန်လည်ရရှိစေဖို့ သစ်ပင်စိုက်ပျိုးမှုတွေ ကျင်းပလို့ ဆောင်ရွက်နေတာ၊ ဒီဘဏ္ဍာနှစ် သုံးလကျော်မှာ ပြည်ပကို ဆန်နဲ့ဆန်ကွဲ တန်ချိန် ၆၁၄,၀၀၀ ကျော်တင်ပို့မှုကနေ ဝင်ငွေဒေါ်လာ ၂၁၄ သန်းရရှိခဲ့တာတွေအပြင် မြန်မာနိုင်ငံမှာ အင်အားပြင်းငလျင်လှုပ်ခတ်မှုကနေ ပြန်လည်ထူထောင်ဖို့က အချိန်ကြာမြင့်ဦးမှာဖြစ်သလို နိုင်ငံတကာအကူအညီတွေ ရေရှည် ဆက်လက်ပံ့ပိုးဖို့ လိုအပ်နေတယ်လို့ ဆွစ်ဇာလန်န်ိုင်ငံအခြေစိုက် အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းများဖက်ဒရေးရှင်း (IFRC) ပြောကြားလာတဲ့ဖြစ်စဥ်တွေရှိပေမဲ့ ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက်အဖြစ် စံချိန်မမီတဲ့ ပြည်ပဟောင်ကောင်က တင်သွင်းရွှေတွေအကြောင်း၊ အမေရိကန်သမ္မတပေးပို့လာတဲ့ စီးပွားရေးဖိတ်ခေါ်စာအကြောင်းနဲ့ မြန်မာနိုင်ငံရဲ့ ၂၀၂၅ ရွေးကောက်ပွဲကျင်းပအပြီး ပေါ်ထွန်းလာမယ့် စီးပွားရေးပတ်ဝန်းကျင်သစ်ကို ကြိုလင့်နေတဲ့ နိုင်ငံတွေရှိနေသလို နောက်ကျကျန်မယ့်နိုင်ငံတွေရှိနေတဲ့အကြောင်း သုံးသပ်ကြည့်ချင်ပါတယ်။
◾ စံချိန်မမီ တင်သွင်းရွှေ
နိုင်ငံတော်အဆင့်ဖွဲ့စည်းထားတဲ့ ဓာတ်သတ္တု(ရွှေ) ရည်ညွှန်းဈေးသတ်မှတ်ရေးကော်မတီက ရွှေရည်ညွှန်းဈေးကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၆ ရက်က စတင်သတ်မှတ်ပေးခဲ့ပြီး ရွှေသိပ်ဆည်းဆ ၁၉ ဒသမ ၂၅ နဲ့ အထက်ရှိတဲ့ စံချိန်မီရွှေတစ်ကျပ်သား (၁၆ ဒသမ ၃၂၉၃၂၅ ဂရမ်) ကို ကျပ် ၅,၃၃၀,၀၀၀ ကျပ်နဲ့ စတင် သတ်မှတ်ပေးခဲ့ပေမဲ့ စျေးကွက်ထဲမှာတော့ ဖြစ်သင့်ဖြစ်ထိုက်တဲ့ နှုန်းထက် ကျပ် ၈ သိန်းခန့် ပိုများခဲ့တာကို မထိန်းနိုင်ခဲ့တဲ့အကျိုးဆက်အဖြစ် ပြီးခဲ့တဲ့ဇွန်လ ၁၆ ရက်ကစ အစိုးရရည်ညွှန်းစျေးက အခေါက်ရွှေတစ်ကျပ်သား ၅၉ သိန်းသာ သတ်မှတ်ထားချိန်မှာ ပြင်ပရွှေစျေးက ၈၁ သိန်းနီးပါးဖြစ်လာလို့ အပြင်စျေးက ကျပ် ၂၁ သိန်းနီးပါး မြင့်တက်နေတာကို တွေ့ခဲ့ရပါတယ်။
လက်ရှိအချိန် ဇူလိုင် ၁၄ ရက်မှာလည်း အစိုးရစျေးက ၅၈ သိန်း ကိုးသောင်းသာ သတ်မှတ်ချိန်မှာ ပြင်ပစျေးက ၇၈ သိန်း ရှစ်သောင်းခွဲရှိနေလို့ သိန်း ၂၀ နီးပါး ဆက်လက်ကွာဟနေဆဲဆိုတာ တွေ့ရပါတယ်။ ဒီနေရာမှာ ရွှေဆိုင်တွေဟာ အစိုးရသတ်မှတ်ရည်ညွှန်းစျေးကို ၃၀ ရာခိုင်နှုန်းကျော် အမြတ်တင်ပြီး ရောင်းနေတာထက် ပိုဆိုးရွားတာက စံချိန်မမီတဲ့ ဟောင်ကောင်ရွှေတွေကိုပါ တင်သွင်းရောင်းချနေတယ်ဆိုတဲ့ ပြဿနာပါ။ ဒီလို စံချိန်မမီတဲ့ ဟောင်ကောင်ရွှေတွေကို ပြည်တွင်းရွှေဆိုင်တွေက တင်သွင်းရောင်းချနေတယ်ဆိုတဲ့စကားကိုလည်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ဥက္ကဋ္ဌ ဦးမျိုးမြင့်ကိုယ်တိုင်ပြောခဲ့တာဖြစ်ပြီး ရွှေစျေးကွက်အတွင်း လိုက်လံစစ်ဆေးချိန်မှာ တွေ့ခဲ့ရတာလို့လည်း ပြောပါတယ်။ လူထုဟာ အစိုးရနဲ့ လုပ်ငန်းရှင်တွေ သတ်မှတ်တဲ့ ဖြစ်သင့်တဲ့စျေးထက် သိန်း ၂၀ လောက်လည်း ပိုပေးပြီး ရွှေတွေ ဝယ်နေရချိန်မှာ စံချိန်မမီတဲ့ ရွှေတွေကိုပါ ရောင်းနေတယ်ဆိုတာကတော့ ဝိသမလောဘဆိုတာထက်ကို ပိုမိုဆိုးရွားတဲ့စကားလုံးရှိရင်ကို ထပ်ပြောသင့်တဲ့အခြေအနေပါ။ ကျပ်တည်းလာတဲ့ ပြည်သူလူထုဟာ အခေါက်ရွှေကိုတောင် မဝယ်နိုင်ကြတော့လို့ အာသာပြေ ၁၂ ပဲရည် (18 K)အဆင့် အနိမ့်ဆုံးရွှေကိုဝယ်နေရချိန်မှာ ဒီလိုဝိသမလောဘသားတွေကို စနစ်တကျကျပ်မတ်ဖို့ ရွှေစံချိန်စံညွှန်းကို အစိုးရက သတ်မှတ်ပေးဖို့လိုအပ်ပြီး သတ်မှတ်အရည်အသွေးမပြည့်တဲ့ရွှေထည်ကို ဝယ်မိလို့ ဝယ်သူက တရားစွဲရင် ရွှေဆိုင်ကို အရေးယူသင့်တဲ့ အခြေအနေမျိုး မြန်မာပြည်မှာ ဖြစ်သင့်နေပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာ ရွှေစျေးဆွဲတင်သူ ဆယ်ဦးကို ထောင်ခြောက်လဆီချပြီး ပိုင်ဆိုင်မှုသိမ်းလိုက်တယ်ဆိုတဲ့ သတင်းတွေ ထွက်ခဲ့ပေမဲ့ တရားဝင်အတည်ပြုချက်မရှိတာမျိုးဟာ လုပ်ငန်းရှင်တွေကို ဒီလို ဝိသမအလုပ်တွေ ဆက်လုပ်ဖို့ အသာပေးထားတဲ့ပုံစံဖြစ်နေတာလားလည်း တွေးစရာပါ။ မြေပြင်မှာ ၁၂ ပဲရည် (18K) ဝယ်ရင်တောင်မှ အခွန်ရှောင်ဖို့ တန်ဖိုးနောက်က သုညတွေဖြုတ်ထားတာမျိုးနဲ့ အတုပုံစံရောင်းနေတာက တစ်နေ့တစ်နေ့ကို ဘီလျံရာချီရောင်းနေရတဲ့ ရွှေဆိုင်ကြီးတွေမှာတောင် လုပ်နေတာဖြစ်ပြီး ဒီလိုမျိုးရွှေရောင်းနေတာတွေကိုလည်း အသွင်ယူ စုံစမ်းပြီး ကြပ်မတ်ကြည့်ပါဦးလို့ အကြံပြုချင်ပါတယ်။
◾ အမေရိကန်သမ္မတပေးပို့တဲ့ စီးပွားရေးဖိတ်ခေါ်စာ
ပြီးခဲ့တဲ့ ဇူလိုင် ၇ ရက်မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ်ပ့်ဟာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို လိပ်မူပြီး ကုန်သွယ်ဖက်နိုင်ငံအဖြစ် ဖိတ်ခေါ်ကြောင်းနဲ့ ဩဂုတ် ၁ ရက်ကစ ကုန်သွယ်ခွန်ကို ၄၀ ရာခိုင်နှုန်းတိုးမြှင့်မှာဖြစ်ကြောင်း သဝဏ်လွှာစာပို့ အကြောင်းကြားလာတာ တွေ့ရပါတယ်။ ဒီနေရာမှာ အခြားနိုင်ငံတွေကိုလည်း ပို့တယ်ဆိုပေမဲ့လည်း ရေးသားထားတဲ့အသုံးအနှုန်းဟာ ကြီးမြတ်လှပါသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌကြီးနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ကာကွယ်ရေးဦးစီးချုပ်ကြီးခင်ဗျာလို့ အဓိပ္ပါယ်ရပြီး SAC ဥက္ကဋ္ဌရဲ့ ထိပ်ဆုံးရာထူးနဲ့ ၂၀၀၈ ခုနှစ် ခြေဥပါ လက်နက်ကိုင်တပ်ဖွဲ့အားလုံးရဲ့ အကြီးအကဲဆိုတဲ့ စကားစုနှစ်ခုကို တွဲလျက်ဖော်ပြခဲ့တဲ့ပုံစံအပြင် ဆုမွန်ကောင်းတောင်းတဲ့ စကားလုံးတွေ၊ သံခင်းတမန်ခင်းဆိုင်ရာ လေးစားစွာပြောတဲ့အသုံးအနှုန်းတွေကြောင့် SAC အစိုးရအဖွဲ့ကို ပြိုင်ဘက်လုပ်ပြီး အမေရိကန်အထိ သွားရောက်ခိုလှုံခွင့်ရနေတာတောင် အသိအမှတ်ပြုမခံရတဲ့ NUG နဲ့ သူ့ဘက်တော်သားတွေအဖို့ ဆွေ့ဆွေ့ခုန် မနာလိုစရာဖြစ်ခဲ့ပါတယ်။
NUG ရဲ့ ရှေ့ဆောင်လမ်းပြ NCGUB ဟာ အမေရိကန်၊ တီမောနဲ့ ကုလသမဂ္ဂတို့က အသိအမှတ်ပြုခံရပြီး NUG ကတော့ အဖက်လုပ်ခံရတာ တီမောတစ်နိုင်ငံပဲရှိနေချိန်၊ အမေရိကန်သမ္မတက NUG နဲ့ သူ့အုပ်စုဆီ တိုက်ရိုက်ရော သွယ်ဝိုက်ပါ တစ်နှစ် သန်း ၃၀၀ နီးပါးထောက်ပံ့ထားတဲ့ USAID ကို ဖျက်သိမ်းလိုက်တာ၊ NUG နဲ့ PDF သတင်းတွေကို မှန်မမှန် မစစ်ဆေးဘဲ ဘက်လိုက်ဖော်ပြနေတဲ့ VOA နဲ့ RFA လို မီဒီယာကြီးနှစ်ခုကို ပိတ်သိမ်းလိုက်တာတွေကြောင့် အလဲထိုးခံရလုနီးနီးပြိုဆင်းနေသလို ကိုယ်ကျိုးရှာခိုးဝှက်မှုတွေ၊ မူးယစ်ဆေးကုန်သွယ်မှုတွေ၊ လူသတ်လုယက်ဆက်ကြေးတောင်းမှုတွေကြောင့် ပုံရိပ်ကျဆင်းနေတဲ့ NUG နဲ့ PDF တွေအဖို့ အမေရိကန်သမ္မတရဲ့SAC ဥက္ကဋ္ဌဆီပို့တဲ့ သဝဏ်လွှာဟာ ပွဲသိမ်းလက်သီးဖြစ်သွားခဲ့ပါတယ်။
အခွန်ကောက်ဖို့ စာပို့တာလို့ မလိုသူတွေ ဘယ်လိုပဲပြောပြော မြန်မာလိုနိုင်ငံမျိုးတောင်မှ ပြည်ပနိုင်ငံတွေကို ကုန်သွယ်စည်းကြပ်ခွန်တိုးမြှင့်ရင် သက်ဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်လိုက်တာ၊ အမြဲတမ်းအတွင်းဝန်အဆင့်လောက်က အသိပေး အကြောင်းကြားစာပို့တာလောက်ပဲ လုပ်လေ့ရှိတာပါ။ ပိုပြီးတော့ ထည့်တွက်ရမှာ မြန်မာနိုင်ငံကနေ အမေရိကန်ကိုပို့တဲ့ပို့ကုန်တွေဟာ NLD, CRPH, NUG, PDF နဲ့ EAO တွေကို ထောက်ခံသူတွေ ဝိုင်းတိုက်ခိုက်ထားလို့ နှစ်နိုင်ငံကုန်သွယ်မှုတောင် တစ်နှစ်ပတ်လုံးမှ သန်း ၇၀၀ လောက်ပဲရှိချိန်၊ နိုင်ငံကို ပိတ်ဆို့ခံထားရချိန်မှာ အမေရိကန်သမ္မတက သဝဏ်လွှာပို့တာပါ။ ဒီလို သဝဏ်လွှာပို့တာကလည်း နှစ်ပေါင်း ၂၀၀ ကျော်အတွင်းမှာ ပထမဆုံးဖြစ်လို့ ဒီအခြေအနေကိုမှ နှစ်နိုင်ငံအပြန်အလှန်ဆက်သွယ်ဖို့ အခွင့်အလမ်းကောင်းမဟုတ်ဘူးဆိုရင် ဒ့ါထက်ကောင်းမွန်တာ ဘာမှမရှိတော့ဘူးဆိုတာလည်း မလိုမုန်းထားတိုက်ခိုက်သူတွေ နားလည်ဖို့လိုအပ်မှာပါ။ နစကဥက္ကဋ္ဌကတော့ နိုင်ငံ့အကြီးအကဲပီသစွာနဲ့ နိုင်ငံ့အဖို့ အကျပ်ရိုက်နေရတဲ့ ပိတ်ဆို့မှုတွေဖြေလျော့ဖို့ အမေရိကန်သမ္မတကြုံခဲ့ရတဲ့ အာဏာအလွဲသုံးစားလုပ်မဲမသမာမှုဖြစ်စဉ်မျိုး မြန်မာနိုင်ငံလည်း ကြုံခဲ့ရကြောင်း၊ အမေရိကန်နိုင်ငံဆီ တင်ပို့တဲ့ ပိုကုန်တွေအပေါ် အခွန် ၁၀ ရာခိုင်နှုန်းကနေ ၂၀ ရာခိုင်နှုန်းကြားပဲ ကောက်ခံဖို့နဲ့ အမေရိကန်နိုင်ငံကနေ မြန်မာနိုင်ငံဆီ သွင်းတဲ့ သွင်းကုန်တွေအပေါ် သုညရာခိုင်နှုန်းကနေ ၁၀ ရာခိုင်နှုန်းကြား ချိန်ညှိကောက်ခံသွားဖို့ အဆိုပြုညှိနှိုင်းလိုကြောင်း သဝဏ်လွှာ ပြန်လည်ပေးပို့လိုက်တာ တွေ့ရပါတယ်။ ဒီလိုပို့နိုင် ညှိနှိုင်းနိုင်တာကလည်း ကမ္ဘာ့အလယ်မှာ အမေရိကန်သမ္မတကတောင် မြန်မာအစိုးရအဖွဲ့ခေါင်းဆောင်ကို နှစ်ပေါင်း ၂၀၀ အတွင်း ပထမဆုံးအဖြစ် ကုန်သွယ်ဖို့ သဝဏ်လွှာပို့အကြောင်းကြားနေပြီဆိုတဲ့အမြင်ကို ဖြစ်စေခဲ့သလို နှစ်နိုင်ငံအကြား ကုန်သွယ်မှုညှိနှိုင်းရေးတွေ၊ တရားဝင်ကုန်သွယ်မှုတွေ ပြန်လုပ်လာရင် ပိတ်ဆို့ထားတဲ့ EU နိုင်ငံတွေ၊ အရေးယူဖို့စိုင်းပြင်းနေတဲ့ ILO လို အဖွဲ့အစည်းတွေဟာ အမေရိကန်သမ္မတအလိုကျ သူတို့လုပ်ထားတဲ့ တင်းမာမှုတွေ လျှော့ချပေးရမယ့်အခြေအနေမြင်လာရနိုင်တာမို့ ဒီလို ကမ္ဘာ့နံပါတ်တစ်နိုင်ငံက သမ္မတရဲ့ ဖိတ်ခေါ်စာဟာ စီးပွားရေးပိတ်ဆို့မှုဖိအားအောက်က မြန်မာနိုင်ငံအဖို့ အရှုံးမရှိတဲ့ အမြတ်ရလဒ်ချည်းဖြစ်သလို ပိုပိုပြီး မြတ်ဖို့အတွက် လုပ်ငန်းရှင်တွေ ပညာရှင်တွေကလည်း အမေရိကန်အစိုးရအဖွဲ့ကို တရားဝင်ကုန်သွယ်မှုပြုနိုင်ဖို့၊ ပိတ်ဆို့မှုတွေဖြေလျှော့ဖို့၊ ဒီပိတ်ဆို့မှုတွေက အစိုးရတွေကို ထိခိုက်တာထက် သာမန်ပြည်သူတွေ လုပ်ငန်းတွေသာ ထိခိုက်တာမို့ ကုန်သွယ်ရေးညှိနှိုင်းမှုတွေ လက်ခံဖြေလျှော့ပေးဖို့ အိတ်ဖွင့်ပေးစာပို့ကြရင် ပိုပြီးတော့ အဆင်ပြေသွားနိုင်တဲ့အခြေအနေဖြစ်သွားမယ်လို့ပဲ သုံးသပ်မိပါတယ်။
◾ ရွေးကောက်ပွဲကျင်းပအပြီး ပေါ်ထွန်းလာမယ့် စီးပွားရေးပတ်ဝန်းကျင်သစ်ကို ကြိုလင့်နေသော နိုင်ငံများ
အမေရိကန်သမ္မတဟာ မြန်မာအစိုးရအဖွဲ့အကြီးအကဲထံ ကုန်သွယ်ဖက်အဖြစ် လက်တွဲဆောင်ရွက်ဖို့ အလေးထားဖိတ်ကြားလာချိန်မှာပဲ ဂျပန်သတင်းစာ Nikkei ကလည်း မြန်မာနိုင်ငံရဲ့ ၂၀၂၅ ရွေးကောက်ပွဲအပြီး ပေါ်ထွန်းလာမယ့် စီးပွားရေး ပတ်ဝန်းကျင်သစ်ကို ကြိုလင့်နေတဲ့နိုင်ငံတွေရှိနေကြောင်း သုံးသပ်ရေးသားလာတာကို တွေ့ရပါတယ်။ နစ်ကေးရဲ့ သုံးသပ်ချက်မှာ SAC အစိုးရအဖွဲ့ဆီ မြှုပ်နှံမှုတွေ စီမံကိန်းတွေလုပ်နေတဲ့ ရုရှား၊ တရုတ်၊ ထိုင်းနိုင်ငံတို့ဟာ အကျိုးအမြတ်ရသွားနိုင်ပြီး ဒီနိုင်ငံတွေနဲ့ အမေရိကန်ဦးဆောင်တဲ့အနောက်အုပ်စုကြားမှာ ဘယ်ဘက်မှမရပ်သလိုနေနေတဲ့ ဂျပန်နိုင်ငံကတော့ မြန်မာ့စီးပွားရေးပတ်ဝန်းကျင်သစ်မှာ နောက်ကျသွားနိုင်တယ်လို့လည်း ပြောခဲ့သေးတာပါ။
SAC အစိုးရအဖွဲ့ဟာ ၂၀၂၅ ဒီဇင်ဘာလဝက်ခန့်ကနေ ၂၀၂၆ ဇန်နဝါရီအတွင်း ရွေးကောက်ပွဲ လုပ်ဆောင်မှာဖြစ်ကြောင်း ကမ္ဘာသိပြောလာချိန် ရုရှား၊ တရုတ်၊ ထိုင်းနိုင်ငံတွေက မြန်မာနိုင်ငံမှာ အထူးစီးပွားရေးဇုန်တွေလုပ်ဆောင်မှာ၊ စွမ်းအင်ဆိုင်ရာစီမံကိန်းတွေ စာချုပ်ချုပ်ဆိုတာတွေ အမေရိကန်သမ္မတရဲ့ ဖိတ်ခေါ်စာတွေဟာ နိုင်ငံရေးမှာ တိုက်ဆိုင်မှုမရှိဘူးဆိုတဲ့ စကားစုကို အမှတ်ရစရာဖြစ်လာသလို ရွေးကောက်ပွဲသာတကယ်ဖြစ်လာပြီး ပြည်သူရွေးကောက်တဲ့ အာဏာရအစိုးရတစ်ရပ်သာ ပြန်လည်ပေါ်ထွက်လာမယ်ဆိုရင် မြန်မာနိုင်ငံဟာ ဦးသိန်းစိန်လက်ထက်က ဖွံ့ဖြိုးမှုမျိုးနဲ့ NLD အစိုးရဟောင်းထက် ပိုလွတ်လပ်တဲ့ ဒီမိုကရေစီနိုင်ငံသစ်ကို ပြန်ကြုံရမှာပါ။ ဒီလိုမျိုး ဒီမိုကရေစီတစ်ကျော့ပြန်လာခြင်းဟာ ပြည်သူ့ဝေဖန်ခွင့်အပြင် အစိုးရကိုရော၊ တပ်မတော်ကိုပါ လွှတ်တော်ထဲမှာ ပြန်လည်ထိန်းကျောင်းလာနိုင်မှာဖြစ်လို့ လက်ရှိမှာ ပြည်သူတွေကျရောက်နေတဲ့ ခက်ခဲဆင်းရဲမှုတွေအများစု ပြေလျော့သွားမှာဖြစ်သလို ဒီလိုပြေလျော့မှုတွေကနေ၊ စစ်ပွဲတွေရဲ့ အနိဌာရုံတွေကို ကြုံဖူးတဲ့ပြည်သူတွေက အေးချမ်းမှုလိုချင်ပြီး လက်နက်ကိုင်တွေကို ညှိနှိုင်းဖို့၊ ငြိမ်းချမ်းရေးစကားဝိုင်းမှာပါဝင်ဖို့တောင်းဆိုတာနဲ့အမျှ ပိုမိုအေးချမ်းတဲ့နိုင်ငံသစ်ကို ပြန်လည်ထူထောင်နိုင်မှာဖြစ်ပါတယ်။
ရွေးကောက်ပွဲတွေဟာ အေးချမ်းသာယာတဲ့ ဒီမိုကရေစနစ်ကို ပေးအပ်ပြီး စစ်ပွဲတွေကတော့ ပြည်သူလူထုသေကြေပျက်စီးမှုပဲပေးသလို အဆုံးသတ်မှာတော့ အင်အားပိုကြီးတဲ့၊ ပြည်ပနိုင်ငံတွေက ထောက်ခံတဲ့ဘက်ကသာ အနိုင်ရတာပါ။ ပြီးခဲ့တဲ့ ငါးနှစ်တာမှာ NUG ဟာ သူ့ကို လူထုထောက်ခံတယ်လို့ ထင်မြင်အောင်လုပ်ခဲ့ပေမဲ့ ဒီနေ့ဒီကာလမှာတော့ အမေရိကန်လို ပိတ်ဆို့နေတဲ့ နိုင်ငံကတောင် SAC အစိုးရကိုပဲ တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြု ဖိတ်ခေါ်စာပို့တာကို ထောက်ချင့်ရင် နဂိုကတည်းက ထောက်ခံခဲ့တဲ့နိုင်ငံတွေက ပိုလို့တောင် ထောက်ခံမှုပေးတော့မှာပါ။ ဒီပကတိအခြေအနေကို မမြင်ဘဲ လက်နက်ကိုင်တာကိုပဲ ဆက်ထောက်ခံပြီး ဘယ်လိုခိုးခိုး လှူနေမယ်။ ဆက်ကြေးဘယ်လောက်ကောက်ကောက် ပေးနေမယ်။ မုဒိမ်းလူသတ်လည်း ခွင့်လွှတ်တယ်ဆိုရင်လည်း ခွင့်လွှတ်ချင်တဲ့ လက်နက်ကိုင်ဘက်ခြမ်းမှာပဲ ကိုယ့်ဘဝကိုယ်စတေး ခဏနေခဲ့ကြဦးလို့ပြောရမှာဖြစ်ပြီး အေးချမ်းစွာတိုးတက်မှုမြင်လိုတဲ့ပြည်သူတွေကတော့ ၂၀၂၅ ရွေးကောက်ပွဲမဖြစ်မနေလုပ်ဖို့၊ အနိုင်ရပါတီကို အာဏာတကယ်လွှဲပြောင်းပေးဖို့တွေကို နိုင်ငံ့အကျိုးမျှော်ကိုးပြီး တောင်းဆိုစရာရှိတာ ဆက်လက်တောင်းဆို ရှေ့ဆက်ဖို့ ကြိုးပမ်းနေကြရမှာပဲလို့ပြောရင်း ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက် ရပ်နားပါရစေ။
