



၁၄.၇.၂၀၂၅
Written By Zun
ထိုင်းနိုင်ငံသို့ ခိုးဝင်သည့် မြန်မာနိုင်ငံသား ၂၃ ဦးနှင့် လူပို့ဆောင်သူ မြန်မာပွဲစားတစ်ဦး ယနေ့ ဇူလိုင်လ ၁၄ ရက်တွင် ထိုင်းနိုင်ငံ၌ ဖမ်းဆီးခံခဲ့ရကြောင်း ထိုင်းဒေသတွင်း သတင်းများအရ သိရသည်။
အယုဒ္ဓယခရိုင်၊ ဝမ်နွဲ့မြို့နယ် အမြန်လမ်းပိုင်းတွင် ထိုင်းအမြန်လမ်းရဲတပ်ဖွဲ့ဝင်များက ကင်းလှည့်နေစဉ် မသင်္ကာဖွယ်ရာ Toyata Wish ကားတစ်စီးကို တွေ့ရှိရသဖြင့် တားဆီးစစ်ဆေးစဉ် မြဝတီဘက်က ခိုးဝင်သည့် အမျိုးသား (၈) ဦးနှင့် အမျိုးသမီး (၃) ဦးတို့ကို ဖမ်းမိခဲ့ကြောင်း သိရသည်။
၎င်းတို့က ထိုင်းနိုင်ငံ၊ နခွန်စဝမ်ခရိုင်၊ နောင်ဘွာမြို့နယ်အတွင်း သွားရောက် အလုပ်လုပ်ကိုင်မည့်သူများဖြစ်ပြီး ပွဲစားခ တစ်ဦးလျှင် ဘတ် (၁၀၀၀၀) စီ ပေးဆောင်ခဲ့ရသည်ဟု ဝန်ခံထွက်ဆိုကြကြောင်း သိရသည်။




ယင်းတို့အား ကားဖြင့်ခေါ်ဆောင်လာသူမှာ အသက် ၃၇ နှစ်အရွယ်ရှိ ဇင်လင်းအောင်ဆိုသူဖြစ်ပြီး ၎င်းကို လည်း ဖမ်းမိခဲ့ကြောင်း သိရသည်။
ယင်းအပြင် ယနေ့ နေ့လယ်ပိုင်းကလည်း ဘုရားသုံးဆူဘက်မှ ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်အတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား (၁၂) ဦးကို ဖမ်းဆီးမိထားကြောင်းနှင့် အဆိုပါ ၁၂ ဦးမှာ ထိုင်းနိုင်ငံအတွင်း သွားရောက်ရန် တစ်ဦးလျှင် ပွဲစားခ ဘတ် (၃၀၀၀၀) စီပေးရကြောင်းလည်း သိရသည်။
ယခုအခါ အဖမ်းဆီးခံရသူများအား သက်ဆိုင်ရာ နယ်မြေရဲစခန်းအသီးသီး၌ ထိန်းသိမ်းထားကာ ထိုင်းနိုင်ငံသို့ ခိုးဝင်သည့် ပြစ်မှုအတိုင်း အရေးယူပြီးပါက နေရပ်သို့ ပြန်ပို့မည် ဖြစ်ကြောင်းလည်း သိရသည်။
