Tanda ဆည်၏ ရေကန် ကမ်းပါးများတွင် စက်လှေနစ်မြုပ်မှု၌ ပါဝင်သော ကလေးငယ်များ၏ အလောင်းများတင်ကျန်ရစ်နေခြင်းရှိမရှိ ကယ်ဆယ်ရေးသမားများရှာဖွေနေကြစဉ်

၁. ၂. ၂၀၂၃
Translated by Htwe Ko Tun

ပါကစ္စတန်နိုင်ငံအနောက်မြောက်ပိုင်း ကမ္ဘာလှည့်ခရီးသွားများလာရောက်ကြသည့် Tanda ဆည်၏ ရေကန်အတွင်း ဇန်နဝါရီ ၂၉ ရက်ကဖြစ်ပွားခဲ့သော စက်လှေတိမ်းမှောက်မှု၌ သေဆုံးသူ ကလေး ၄၉ ဦး၊ ကျောင်းဆရာတစ်ဦးနှင့် စက်လှေမောင်းသူတို့အပါအဝင် စုစုပေါင်း ၅၁ ဦးရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ဇန်နဝါရီ ၃၁ ရက်က ပြောကြားခဲ့သည်။

သေဆုံးသူကလေးများမှာ ယောင်္ကျားလေးများဖြစ်ကြ၍ အသက် ခုနစ်နှစ်မှ ၁၄ နှစ်အကြားရှိကြပြီး အစ္စလာမ်ဘာသာရေးကျောင်းတစ်ကျောင်းမှကျောင်းသားများ ဖြစ်ကာ Tanda ဆည်၏ ရေကန်သို့ ဇန်နဝါရီ ၂၉ ရက်က နေ့ချင်းခရီးလာရောက်လည်ပတ်ကြခြင်းဖြစ်ကြောင်းလည်းသိရသည်။ စက်လှေက လူ ၂၀ ဦးမှ ၂၅ ဦးထိသာ သယ်ယူဝန်ဆောင်နိုင်စွမ်းရှိကာ အဆမတန် လူလိုက်ပါလာမှုကြောင့် တိမ်းမှောက်နစ်မြုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ စက်လှေနစ်မြုပ်မှုတွင် ကလေးလေးဦးနှင့် ဆရာတစ်ဦးကိုသာကယ်ဆယ်နိုင်ခဲ့ကြောင်းလည်း ရဲတပ်ဖွဲ့က ပြောခဲ့သည်။

ရေငုပ်သမားများက ရေကန်အတွင်းအေးခဲနေသော ရေအောက်မှ ကလေးများ၏အလောင်းများကို သုံးရက်ကြာရှာဖွေဆွဲထုတ်ခဲ့ရသည်။ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တစ်ဖွဲ့၏ တာဝန်ရှိသူတစ်ဦးက ရာသီဥတုအေးလွန်း၍ ဆည်အတွင်း ရေများအေးခဲလျက်ရှိကာ ကယ်ဆယ်ရေးလုပ်ငန်းကိုနှောင့်နှေးစေခဲ့ကြောင်း၊ သို့သော် ဇန်နဝါရီ ၃၁ ရက်တွင်မူ ရေငုပ်သမားများက ရေအောက်တွင်ရှိနေသော အလောင်းများအားလုံးကို ရှာဖွေနိုင်ရန် ပို၍နက်စွာ ရေငုပ်ကြမည်ဖြစ်ကြောင်း ပြောခဲ့သည်။

Tanda ဆည်၏ ရေကန်က ကိုဟတ်မြို့ရှိ သေဆုံးခဲ့ရသည့် ကလေးငယ်ကျောင်းသားများ၏ အစ္စလမ်ဘာသာရေးကျောင်းမှ သုံးမိုင်ခန့်သာဝေးပြီး ခိုင်ဘာ ပတ်တွန်ကွာ ပြည်နယ်အတွင်း တည်ရှိသည်။

ပါကစ္စတန်နိုင်ငံအတွင်း သက်တမ်းကြာနေပြီဖြစ်သော ရေယာဉ်များကိုသာအများစု သုံးနေကြရပြီး၊ လူအဆမတန်လည်း တင်ဆောင်ရလေ့ရှိမှုများကြောင့် ထိုကဲ့သို့ ရေယာဉ်နစ်မြုပ် လူသေဆုံးရမှုများမှာ ဖြစ်နေကျသဖွယ်ပင် ဖြစ်နေရကြောင်းသိရသည်။

ထို့အတူ ဇန်နဝါရီ ၂၉ ရက်၌ပင် ပါကစ္စတန်နိုင်ငံအနောက်တောင်ပိုင်း ဘလူးချိစတန်ပြည်နယ်အတွင်း၌ ဘတ်စ်ကားတစ်စီးက ချောက်တစ်ခုအတွင်းထိုးကျမှုကြောင့် လူ ၄၁ ဦးသေဆုံးခဲ့ရကြောင်းလည်း သတင်းများကဆိုသည်။

Ref—– The Guardian

Leave a Reply

Your email address will not be published. Required fields are marked *

Related News