၁၃ .၇.၂၀၂၅
Written by Hey Mar
မွန်ပြည်နယ်၊ သံဖြူဇရပ်-ရေးလမ်းမကြီးပေါ်ရှိ ကွမ်းကျိုက်တံတားမှာ သစ်တွေတင်လာတဲ့ ဆယ်ဘီးကားတစ်စီး တံတားဘောင်နဲ့တိုက်မိ တိမ်းမှောက်ခဲ့တာကြောင့် ယာဉ်မောင်းဖြစ်သူ နေရာတင်သေဆုံးကာ ယာဉ်နောက်လိုက်မှာ ပြင်းထန်ဒဏ်ရာတွေ ရရှိခဲ့တဲ့ဖြစ်စဉ် ဇူလိုင်လ ၁၁ ရက် ည ၈ နာရီ အချိန်ခန့်က ဖြစ်ပွားခဲ့ပြီး ယာဉ်မတော်တဆမှုကြောင့် ပျက်စီးခဲ့တဲ့ယာဉ်ကိုတော့ မနေ့က ဇူလိုင်လ ၁၂ ရက်နေ့ နေ့လယ်ပိုင်းကမှ လမ်းပေါ်ကနေ ရှင်းလင်းဖယ်ရှားနိုင်ခဲ့တယ်လို့ ရွှေဟင်္သာလူမှုကူညီရေး အသင်းထံကနေ သိရပါတယ်။
ဖြစ်စဉ်ဖြစ်ပွားရတာက ရေးကနေ မော်လမြိုင်ဘက်ဆီ သစ်ခွဲသားတွေ တင်လာတဲ့ ယာဉ်ကို အသက် လေးဆယ်ဝန်းကျင်အမျိုးသားဖြစ်သူက အရက်သေစာ သောက်စားကာ အရှိန်ပြင်းမောင်းနှင်လာရင်း ကွမ်းကျိုက်တံတားအနီး ကွေ့ကြောရှိရာနေရာအရောက် အရှိန်လွန်တိမ်းမှောက်ခဲ့တာလို့ သိရပါတယ်။

ရွှေဟင်္သာလူမှုကူညီရေးအသင်း တာဝန်ရှိသူက “ကွေ့ကြောကို အရှိန်နဲ့ ကွေ့ချပြီး လမ်းဘေးထိုးကျတော့ သူ့ကားကိုပြန်ဆွဲတင်ပုံရပါတယ်။ အရှိန်လည်းပါနေတော့ တံတားသံဘောင်နဲ့ ရိုက်ပြီး ကားက ဝိတ်လည်းပါနေတော့ မှောက်သွားတာ။ယာဉ်မောင်းကတော့ ကားထဲမှာ အောက်ပိုင်းတစ်ခုလုံးညပ်ပြီး တွဲလောင်းကျနေပြီ။ ကျွန်တော်တို့ရောက်တော့ သွေးအန်နေပြီး အသက်ထွက်တာပဲ။ ယာဉ်နောက်လိုက်တော့ မြေပြင်ပြုစုပြီး လမိုင်းဆေးရုံ အမြန်ပို့နိုင်တယ်။ အသက်မသေဘူး” လို့ MT News က ဆက်သွယ် မေးမြန်းတာကို ပြန်လည်ဖြေကြားပါတယ်။

ယာဉ်မတော်တဆမှုကြောင့် သေဆုံးခဲ့သူ ယာဉ်မောင်းရဲ့ ရုပ်အလောင်းကို အခင်းဖြစ်နေရာကနေ လမ်ိုင်းဆေးရုံ ရင်ခွဲရုံဆီ ပို့ဆောင်ပေးခဲ့ပြီး ဒဏ်ရာရရှိသူ ယာဉ်နောက်လိုက်ကို လမိုင်းပြည်သူ့ဆေးရုံ အရေးပေါ်ကုသရေးဌာနဆီ ပို့ဆောင်ပေးခဲ့ပေမဲ့ မနေ့က ဇူလိုင်လ ၁၂ ရက် မနက်ပိုင်းမှာတော့ အဆိုပါယာဉ်နောက်လိုက်ကို လမိုင်းဆေးရုံကနေ မော်လမြိုင်ဆေးရုံဆီ ထပ်မံ လွှဲပြောင်း ကုသမှု ခံယူစေတာကြောင့် ရွှေဟင်္သာအသင်းကပဲ လိုက်လံပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
