၁၃.၇.၂၀၂၅
Written By Thandar
နှစ်စဉ်အစဉ်အလာမပျက် ပေးအပ်လျက်ရှိတဲ့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဝင် ရုပ်ရှင်လောကသားတွေရဲ့ သားသမီးတွေကိုပေးအပ်တဲ့ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ပညာသင်ထောက်ပံ့ကြေးကို လာမယ့် ဇူလိုင် ၁၇ ရက်မှာ ပေးအပ်သွားမှာဖြစ်ပါတယ်။
“ကျွန်တော်တို့ ရုပ်ရှင် အစည်းအရုံးက ရုပ်ရှင်အစည်းအရုံးဝင်တွေရဲ့ သားသမီးတွေကို ပညာသင်စရိတ် ထောက်ပံ့ကြေးတွေကို နှစ်စဉ်ပေးအပ်တာဖြစ်ပါတယ်။ အစည်းအရုံးက မတည်ပြီးတော့ အခြားအလှူရှင်တွေရဲ့ လှူဒါန်းမှုတွေနဲ့အတူ ရုပ်ရှင်လောကသားတွေရဲ့ သား၊ သမီးတွေအတွက် ပညာသင်စရိတ် ထောက်ပံ့ကြေး၊ ကျောင်းဝတ်စုံနဲ့ ကျောင်းသုံးပစ္စည်းတွေကို နှစ်စဉ် လှူဒါန်းပေးလျက်ရှိပါတယ်”လို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ဒုတိယဥက္ကဋ္ဌ ၁ ဦးအေးကြူလေးက MT Entertainment ကို ပြောပါတယ်။




အဆိုပါ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဝင် ရုပ်ရှင်လောကသားတွေရဲ့ သားသမီးတွေကိုပညာသင်ထောက်ပံ့ကြေးပေးအပ်ခြင်းကို လာမယ့် ဇူလိုင် ၁၇ ရက်၊ နံနက် ၉ နာရီမှာ ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဝင်္ကဘာလမ်းရှိ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ရွှေရတုခန်းမမှာ ကျင်းပသွားမှာတယ်လို့ သိရပါတယ်။
အနုပညာလောကသားအချင်းချင်းတွေအပြင် ခုနစ်ရက်သားသမီးတွေကလည်း ကလေးတွေအတွက် လိုအပ်တာတွေပါဝင်လှူဒါန်းကြသလို အနုပညာရှင်များစွာကလည်း ပါဝင် လှူဒါန်းကြမှာဖြစ်ပါတယ်။
မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးအနေနဲ့ ရုပ်ရှင်လောကသားတွေကို တစ်ဖက်တစ်လှမ်းက ကူညီပေးတဲ့ အနေနဲ့ ရုပ်ရှင်လောကသားတွေရဲ့သားသမီးများအတွက် ပညာသင် စရိတ်ထောက်ပံ့ကြေးနဲ့အတူ လိုအပ်တဲ့ ကျောင်းသုံး ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်၊ ပေတံ၊ ခဲတံချွန်စက်၊ ကွန်ပါဘူး၊ ထီး၊ ကျောင်းဝတ်စုံတို့ကိုလည်း ပေးအပ်သွားမယ်လို့ သိရပါတယ်။
