၁၃.၇.၂၀၂၅
Written by Hey Mar
စက်ရုံဖယ်ရီပို့ပြီး ပြန်လာတဲ့ ဒိုင်နာယာဉ် အရှိန်လွန် စလစ်ဖြစ်ပြီး လမ်းဘေးကမောင်းနှင်နေတဲ့ ဘေးတွဲ သုံးဘီးယာဉ်နှစ်စီးနဲ့ သစ်ပင်၊ ဓာတ်တိုင်တို့ကို ဝင်ရောက်တိုက်မိမှု မနေ့က ဇူလိုင်လ ၁၂ ရက်နေ့ ည ကိုးနာရီကျော်အချိန်က ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်း စက်မှုဇုန်အနီးမှာ ဖြစ်ပွားခဲ့ပြီး ယာဉ်မောင်းဖြစ်သူမှာ ဆေးရုံတင်ပို့ ကုသနေစဉ် သေဆုံးခဲ့တယ်လို့ မြေပြင်အကူအညီ ရောက်ရှိခဲ့တဲ့ ကနောင်လူမှုကူညီရေး အသင်းထံကနေ သိရပါတယ်။
ဖြစ်စဉ်က လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန် အပေါက်နား၊ မော်ဒန် KTV အနီးမှာ ကားတစ်စီးတိမ်းမှောက်ကာ လူညပ်နေကြောင်း လူမှုကူညီရေးအသင်းတွေ အသုံးပြုတဲ့ စက်လိုင်းထဲကနေ သတင်းရရှိတာကြောင့် လှိုင်သာယာအခြေပြု ပရဟိတအသင်းတွေ အရန်မီးသတ်တပ်ဖွဲ့တွေ ထွက်ခွာကူညီခဲ့တယ်လို့ သိရပါတယ်။
“ကျွန်တော်တို့ အသင်းကားက အဲ့ဒီနားတင်ရှိနေတဲ့အချိန် ယာဉ်မတော်တဆမှု ဖြစ်တာ။ အဲ့ဒါနဲ့ စက်လိုင်းထဲကနေ တခြားအကူအညီတွေခေါ်တော့ လှိုင်သာယာအခြေပြုအသင်းတွေလည်း ရေက်လာကြပါတယ်။ ယာဉ်မောင်းက အမူးလွန်နေတယ်။ သူမတော်တဆဖြစ်တဲ့နားက အကွေ့ ယောင်ယောင်လေး ရှိနေတာကို မူးနေတော့ သတိမထားမိဘဲ ဖြစ်တာပါ။ လမ်းဘေးကနေ ကပ်မောင်းနေတဲ့ ဘေးတွဲဆိုင်ကယ် နှစ်စီးကိုလည်း ပွတ်ဆွဲမိတော့ ဘေးတွဲသမားတွေ ကြီးကြီးမားမား ဒဏ်ရာမရပေမယ့် လမ်းဘေးထိုးကျကုန်တာပေါ့။ ပြီးတော့ ကားက ဓာတ်တိုင်ရယ်၊ သစ်ပင်ရယ်ကို တိုက်ပြီး ရပ်သွားတယ်။ ကားခေါင်းနဲ့ ဘော်ဒီကတော့ပြုတ်ထွက်သွားတာပဲ” လို့ ဖြစ်စဉ်ကို ကနောင်အသင်းတာဝန်ရှိသူက MT News ကို ပြောပါတယ်။
အဆိုပါယာဉ်မှာ ဖယ်ရီပို့ပြီးအပြန်မို့ ယာဉ်ပေါ်မှာ ယာဉ်မောင်းနဲ့ သူ့အမျိုးသမီးလို့ ယူဆရသူတို့သာ ကားခေါင်းခန်းမှာ စီးနင်းလာတာလို့ သိရပါတယ်။ အမျိုးသမီးဖြစ်သူက ကားထဲက တိုးထွက်လာပြီး အကူအညီတောင်းနိုင်ပေမယ့် အမျိုးသားမှာ ဒဏ်ရာတွေပြင်းထန်စွာရရှိကာ ကားအတွင်းညပ်ပိနေခဲ့တာကြောင့် မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ လူမှုကူညီရေးအသင်းသားတွေ ပူးပေါင်း ဖယ်ရှားရှင်းလင်းကာ ကယ်ထုတ်ခဲ့ရတယ်လို့ သိရပါတယ်။
ဒဏ်ရာရ လူနာနှစ်ဦးကို လှိုင်သာယာဆေးရုံဆီ ပို့ဆောင်ကူညီခဲ့ပေမယ့် ရရှိဒဏ်ရာတွေနဲ့ ယာဥ်မောင်းဖြစ်သူမှာ ကုသမှု ခံယူနေစဉ်သေဆုံးခဲ့တယ်လို့ သိရပါတယ်။
