နေမိုး
၁၃. ၇. ၂၀၂၅
မူးယစ်ဆေးပြားသန်းချီ အကြိမ်ကြိမ်ကုန်ကူးတဲ့ ယင်းမာပင်ခရိုင် တပ်ရင်း ၁၄၊ ၁၅ က PDF တွေလုပ်ရပ်ဟာ တပ်ရင်းနဲ့ မသက်ဆိုင်ပါဘူးလို့ လွှဲချခံထားရသူနှစ်ဦးထဲက တစ်ဦးဖြစ်တဲ့ PDF ပုတီး (ခ) ကျော်မင်းဇော်ဟာ လာအဖမ်းခံလိုက်ပြီလို့ NUG ဩဇာခံ ယင်းမာပင်ခရိုင် တပ်ရင်း ၁၄၊ ၁၅ ကိုပေါင်းထားတဲ့ Salingyi Special Task Force က ထုတ်ပြန်လာပါတယ်။

ဒီဖြစ်ရပ်မှာ ပြီးခဲ့တဲ့ ဇူလိုင် ၁၀ ရက်နေ့က NUG ဩဇာခံ PDF အဖွဲ့ဖြစ်တဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၅) တပ်ရင်းမှူး ထောက်ခံစာနဲ့ သယ်လာနဲ့ စိတ်ကြွဆေးသုံးသန်းခန့်နဲ့ ဘိန်းဖြူတွေကို PDF သုံးဦးနဲ့အတူ ဖမ်းမိတယ်လို့ ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့(CDF)-ဟားခါးက သတင်းထုတ်ပြန်ရာက စတင်လာတာပါ။
ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့(CDF)-ဟားခါးထုတ်ပြန်ချက်အရ ပြီးခဲ့တဲ့ ဇူလိုင်လ ၈ ရက်မှာ ယင်းမာပင်ခရိုင် အမှတ်(၁၅) တပ်ရင်းမှူး ထောက်ခံစာနဲ့ ဖလမ်းမြိုနယ် ဗားရ်တံတားဆီ Hilux 9K – 1693 ၊ Forland 1J – 6011 ကားနှစ်စီးနဲ့ သယ်ယူလာတဲ့ စိတ်ကြွဆေးပြား ၃ သန်းခန့်အပြင် ဘိန်းဖြူ ၁၁၀ ကီလိုဂရမ်ခန့်ကို ဟားခါးမြို့နယ်အတွင်း ဖမ်းမိခဲ့တာပါ။
မူးယစ်ဆေးဝါးတွေနဲ့အတူ PDF သုံးဦး၊ ယာဉ်မောင်း တစ်ဦး၊ ယာဉ်နောက်လိုက် တစ်ဦး၊ မောင်းပြန် သေနတ် ၂ လက်၊ Mini Starlink နှစ်ခုတို့ကို ဖမ်းမိခဲ့ပြီး မူးယစ်ဆေးဝါးတွေကို ဇူလိုင် ၉ ရက်မှာ မီးရှို့ဖျက်ဆီးခဲ့တယ် ဆိုပါတယ်။
ဒီလို ကျပ်ဘီလျံချီတန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေ သယ်ယူပိုဆောင်ရာမှာ တာဝန်ခံဖြစ်တဲ့ PDF တပ်ခွဲမှူးတွေဖြစ်နဲ့ မောင်ဇော်လတ် (ခ)ဝင်းမော်နဲ့ ကိုပုတီး(ခ) ကျော်မင်းဇော်တို့က ထွက်ပြေးတိမ်းရှောင်သွားတယ်လို့လည်းပြောပါတယ်။

ဖမ်းမိသူတွေထဲက ကားဆရာ ကျော်ဟိန်းက မူးယစ်ဆေးတွေကို အိတ်ကြီး ၆၅ အိတ်နဲ့ထည့်လာတယ်လို့ ပြောသလို “ကိုစိုးသူကားကို မောင်းတာပါ။ ကားနံပါတ် 1G/6011 ပါ။ ဆားလင်းကြီးမြို့နယ်ထဲက။ ငွေစာရွာနားထဲဗျ။ သူတို့ အဆောက်အဦလေးတွေရှိတယ်။ အဲဒီနားမှာ။ သူတို့ လူနေတဲ့အဆောက်အဦနဲ့ ပစ္စည်းတွေထားတဲ့အဆောက်အဦ အဲဒီနားမှာရှိတယ်။ အဲဒီနားက သယ်တာ။ သူတို့ အဖွဲ့အစည်းဟာလို့ပြောတယ်။လက်နက်ကိုင်တပ်ဖွဲ့တွေနေတာ။ ကျွန်တော်တို့ကို ပြောပြထားတာက ယင်းမာပင်တပ်ရင်း(၁၅)လို့ ပြောပြထားတယ်ဗျ”လို့ ထွက်ဆိုပါတယ်။
ဒါ့အပြင် မူးယစ်ဆေးနဲ့ ဖမ်းမိ PDF ဖြစ်တဲ့ ယင်းမာပင်ခရိုင်တပ်ရင်း(၁၄)က ဇော်နောင်က ဒီမူးယစ်ဆေးတွေကို တပ်ခွဲမှူး ကိုပုတီးနေထိုင်ရာနေရာက သယ်လာတာဖြစ်ပြီး ဒီမူးယစ်ဆေးတွေသယ်တာက လေးခေါက်မြောက် ဖြစ်တယ်ဆိုတာနဲ့ လက်ရှိမှာ ယင်းမာပင်ခရိုင်တပ်ရင်း (၁၄) နဲ့ တပ်ရင်း (၁၅) ပေါင်းထားပြီး တပ်ရင်း (၁၄) ရဲ့ တပ်ရင်းမှူးက ကိုဖိုးဇေ၊ တပ်ရင်း (၁၅) ရဲ့ တပ်ရင်းမှူးက ကိုဖိုးသောင်းလို့ ထွက်ဆိုပါတယ်။
ဒါ့အပြင် ဖမ်းမိခဲ့တဲ့ PDF အာကာဖြိုးကလည်း သူဟာ ပခုက္ကူခရိုင်တပ်ရင်း (၁၀) က ဖြစ်ပြီးတပ်ရင်းမှာ မနေတာ ကြာပြီဆိုတာနဲ့ သူဟာ NUG ရဲ့ ပညာရေးကျောင်းဖြစ်တဲ့ YSO CBE 29 ရဲ့ ကျောင်းအုပ်လို့ ထွက်ဆိုသလို ဖမ်းမိသူ ခင်ဇော်ဟိန်းဆိုသူကလည်း သူဟာ ရွှေကြက်သွန်ရွာမှာ နေထိုင်တဲ့ NUG လက်အောက်ခံ ပကဖအဖွဲ့ဝင်ဖြစ်တယ်လို့ ထွက်ဆိုပါတယ်။

ဒီလိုမျိုး ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ (CDF)-ဟားခါးက NUG ဩဇာခံ ယင်းမာပင် PDF တွေ ကျပ်ဘီလျံများစွာ တန်ဖိုးရှိတဲ့ မူးယစ်ဆေးတွေနဲ့ ဖမ်းမိပြီလို့ တိုင်းသိပြည်သိ ကမ္ဘာသိထုတ်ပြန်လိုက်ချိန်မှ Salingyi Special Task Force က မူးယစ်ဆေးဖြန့် PDF တွေကို တပ်ရင်း (၁၅) ရဲ့ တပ်ရင်းမှူးက ကိုဖိုးသောင်းထောက်ခံချက်နဲ့ သွားခိုင်းတာ မှန်ပေမဲ့ သူတို့သွားတာ ဖောက်ခွဲရေးပစ္စည်း သယ်ယူဖို့ကိစ္စဖြစ်ပြီး ဒီမူးယစ်ဆေးသယ်တာက ဖမ်းမိတဲ့ PDF တွေလုပ်ရပ်လို့ လွှဲချခဲ့တာပါ။ ဒါပေမဲ့ ဖမ်းမိ PDF တွေဟာ မူးယစ်ဆေးပြားသန်းချီကို လေးကြိမ်သယ်တာပါလို့ ထွက်ဆိုထားတာမို့ CDF ဟားခါးမိတဲ့မူးယစ်ဆေးတွေကို ယင်းမာပင်ခရိုင် တပ်ရင်း ၁၄၊ ၁၅ က သယ်လာတာမို့ ဒီလောက်ပမာဏများတဲ့ မူးယစ်ဆေးတွေ သယ်ယူရောင်းချနေတာကို တပ်ရင်းကမသိဘူးဆိုတာ ဘယ်သူမှ မယုံကြည်ကြပါဘူး။
ဘယ်သူမှ မယုံကြည်ပေမဲ့လည်း မနေ့က ဇူလိုင် ၁၂ ရက်မှာတော့ CDF – ဟားခါးဆီက ထွက်ပြေးလွတ်မြောက်လာတဲ့ မူးယစ်ဆေးသယ်တရားခံတစ်ဦးဖြစ်တဲ့ ယင်းမာပင်ခရိုင် တပ်ရင်း ၁၄၊ ၁၅ က တပ်ခွဲမှူး ပုတီး (ခ) ကျော်မင်းဇော်ဟာ ဆားလင်းကြီးမြို့နယ် ပကဖ ဒုတာဝန်ခံ ဖိုးလုံးကို ဆက်သွယ်အဖမ်းခံတယ်လို့ ပုတီး (ခ) ကျော်မင်းဇော်ကို ထိပ်တုံးခတ်ထားတဲ့ပုံနဲ့ ထုတ်ပြန်လာပြီး မူးယစ်ဆေး သယ်ယူတဲ့ကိစ္စ ဆက်လက် စစ်ဆေးမယ်လို့ ဖော်ပြထားပေမယ့် ပို့စ်ဖတ်မိတဲ့လူထုကတော့ ဘယ်သူမှ မယုံသလို PDF တွေရဲ့ ဘီလျံထောင်သောင်းချီ မူးယစ်ဆေးဖြန့်ဖြူးမှုတွေ ရှိနေနိုင်ပေမယ့်လည်း ဒီဖြစ်စဥ်ကိုတော့ PDF တွေ ပသုံးလုံးတွေရဲ့ ခေါင်းကိုင်ဖခင် NLD, CRPH နဲ့ NUG တို့က နှုတ်ဆိတ်နေဆဲ ဖြစ်ပြီး ထုတ်ပြန်ရှင်းလင်းမှု ဒီနေ့အထိ မလုပ်ဆောင်သေးပါဘူး။
