ဒလန်ဟုဆိုကာ အနီးကပ်ပစ်ခတ်၍ သေဆုံးရသည့် လက်နက်မဲ့ အမျိုးသမီးငယ်

MT News

Written by Min Mahar

ပုသိမ်ကြီးမြို့နယ်တွင် မင်္ဂလာဆောင်မှပြန်လာသည့် အမျိုးသမီးငယ် နှစ်ဦးအား ဒလန်ဟုစွပ်စွဲကာ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ တစ်ဦးသေဆုံးမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။

ဖြစ်စဉ်မှာ ဇန်နဝါရီ ၃၁ ရက် နံနက် ၁၀ နာရီခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ နန္ဒာတောင်ကျေးရွာနှင့် မန္တလေး-မတ္တရာသွား ကားလမ်းအကြားတွင် အသက် ၂၅ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးသည် ၎င်းကျေးရွာမှ မင်္ဂလာဆောင်သို့ ၁၉ နှစ်အရွယ် အဖော်အမျိုးသမီးတစ်ဦးနှင့်အတူသွားရောက်ခဲ့ပြီး ဆိုင်ကယ်ဖြင့်ပြန်လာစဉ် CZI ဆိုင်ကယ်အမျိုးစားဖြင့် အမည်မသိလူငယ် ၂ ဦးအနားသို့ရောက်လာပြီး ” ဒလန်မက အဲဒီတစ်ယောက်” ဟုပြောကာ သေနတ်ဖြင့်ပစ်သတ်ခဲ့ရာ ဆိုင်ကယ်အနောက်တွင်စီးလာသည့် အမျိုးသမီးငယ်မှာသေနတ်ကျည်ထိမှန်သွားကာ သေဆုံးသွားကြောင်း သိရသည်။

အဆိုပါအမျိုးသမီးငယ်သည် ဝဲနားထင်ကို ဖောက်ဝင်သွားသည့် ဒဏ်ရာရရှိပြီး နေရာ၌ပင် ပွဲချင်းပြီးသေဆုံးသွားခဲ့သောကြောင့် အလောင်းကိုမူ ဒေသလူမှုကူညီရေးအသင်းဖြင့် မန္တလေးပြည်သူ့ဆေးရုံကို ပို့ဆောင်ခဲ့ကြောင်း သိရသည်။

ထိုအမျိုးသမီး ၂ ဦးသည် ကျွဲရေကုန်းကျေးရွာတွင်နေထိုင်သူများဖြစ်ကြပြီး နန္ဒာတောင်ကျေးရွာသို့ မင်္ဂလာဆောင်သွားရာမှ ယခုကဲ့သို့ ပစ်သတ်ခံရကာ ကျန်တစ်ဦးမှာမူ ထိခိုက်မှုတစ်စုံတစ်ရာမရှိခဲ့ကြောင်းနှင့် ပစ်သတ်သွားသွားသူများကို သက်ဆိုင်ရာမှ စုံစမ်းစစ်ဆေးမှုများပြုလုပ်နေကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News