၁၁. ၇. ၂၀၂၅
Written by Hey Mar
ဒါယိကာမကို ရက်ရက်စက်စက် မသေမချင်း ဓားနဲ့ခုတ်ကာ သတ်ဖြတ်တဲ့ ရန်ကုန်တိုင်း လှည်းကူးမြို့နယ် အောင်ဘုန်းပြည့် ဘုန်းကြီးကျောင်းက ကျောင်းထိုင်ဘုန်းကြီးရဲ့ အမှုဖြစ်စဉ် ဒုတိယမြောက်ရုံးချိန်းကို ဇူလိုင်လ ၈ ရက်နေ့မှာ လှည်းကူးခရိုင်တရားရုံးက ထပ်မံစစ်ဆေးခဲ့ပြီး တရားလိုရဲ့ ခင်ပွန်းဖြစ်သူကို စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။
“ဦးသမ္မာစာရ လူအမည် သန်းဦးက ကျွန်တော့်မိန်းမနဲ့ သူဖောက်ပြန်နေတယ်ဆိုတာကို သက်သေပြဖို့ ကြိုးစားတယ်။ တရားရုံးမှာ ထွက်ဆိုတာက ကျွန်တော့်အမျိုးသမီးက သူ့ကို ကျွန်တော်နဲ့တိုင်မယ် ခြိမ်းခြောက်လို့ ဆိုတာမျိုး ထွက်လာတယ်” လို့ သေဆုံးသူ ဒေါ်သီတာအောင်ရဲ့ ခင်ပွန်းက ရုံးချိန်းအတွင်း ကြားနာစစ်ဆေးမှုတချို့ကို MT News ကို ပြန်လည်ပြောပြပါတယ်။
ဒေါ်သီတာအောင်ရဲ့ကျန်ရစ်သူ ခင်ပွန်းဖြစ်သူ တရားလိုအမျိုးသားကတော့ သူ့ဇနီး ဘုန်းကြီးနဲ့ဖောက်ပြန်တယ်ဆိုတာကို မဟုတ်မှန်ကြောင်း အထောက်အထားတွေ ပြသကာကွယ်ငြင်းဆိုထားပြီး သူ့ဇနီးဟာ ရက်ရက်စက်စက် ဓားမနဲ့ မသေမချင်း ၁၅ ချက် ခုတ်သတ်ခံရတာကိုသာ အဓိက ထွက်ဆိုတင်ပြခဲ့တယ်လို့ ဆိုပါတယ်။
ဒေါ်သီတာအောင်ရဲ့ ခင်ပွန်းက “ကျွန်တော့်အမျိုးသမီးရဲ့ အမျိုးသမီးအင်္ဂါထဲမှာရော ထမီမှာပါ မျိုးပွားနိုင်တဲ့ အမျိုးသားသုတ်ပိုး တွေ့ရှိတယ်လို့ ဓာတုဝန်ရုံးက စစ်ဆေးချက်ထွက်လာတယ်။ ကျွန်တော်က တရားရုံးကို ထွက်ဆိုတင်ပြခဲ့တာကတော့ ကျွန်တော့်အမျိုးသမီးကို ဦးသမ္မာစာရ (ခ) ဦးသန်းဦးက သူ့လိုချင်တဲ့ ဆန္ဒကိုမရလို့ သတ်ဖြတ်ခြင်းဖြစ်ကြောင်းနဲ့ လူမှုရေးဖောက်ပြန်တယ်ဆိုရင် သတ်ဖြတ်ခံရမှာ မဟုတ်ကြောင်း၊ လိုအင်ဆန္ဒမပြည့်လို့ မရလို့သာလျှင် မသေမချင်း ရက်ရက်စက်စက် ဓားနဲ့ ခုတ်ဖြတ်သတ်ခဲ့တာဖြစ်ကြောင်း တင်ပြခဲ့ပါတယ်” လို့ ဆိုပါတယ်။
လာမယ့် ဇူလိုင်လ ၁၆ ရက်နေ့မှာ အဲ့ဒီတွေ့ရှိချက်တွေကို ထပ်မံစစ်ဆေးမှာဖြစ်ပြီး စစ်ဆေးပေါ်ပေါက်ချက်တွေအရ ထပ်တိုးပုဒ်မတွေလည်း ရှိလာနိုင်တာပါ။
ပြီးခဲ့တဲ့ မေလ ၂၁ရက်နေ့က ရန်ကုန်တိုင်း လှည်းကူးမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ ကျောင်းထိုင်ဘုန်းကြီးက ဒါယိကာမကိုသတ်တဲ့ အမှုဖြစ်စဉ်မှာ ပြစ်မှုကျူးလွန်သူ ဘုန်းကြီးဘွဲ့ အမည် ဦးသမ္မာစာရ (လူအမည်)သန်းဦးကို ပုဒ်မ ၃၀၂ (၁) (ဂ)နဲ့ တရားစွဲဆိုထားတဲ့ အမှုဖြစ်ပြီး သေဆုံးသူ ဒေါ်သီတာအောင်ရဲ့ ရုပ်အလောင်းမှာ ရက်စက်စွာ ခုတ်ထစ်ခံထားရလို့ လက်နှစ်ဖက် ပြတ်လုပြတ်ခင် ဒဏ်ရာ၊ ကုတ်ပိုးမှာ ခုတ်ထစ်ခံထားရလို့ လည်ပင်းပြတ်လုပြတ်ခင်ဒဏ်ရာ ညာဖက်ပါးရိုး ခုတ်ထစ်ခံရတဲ့ မချိမဆန့်ဒဏ်ရာစသဖြင့် စုစုပေါင်း (၁၅)ချက်ရရှိကာ သေဆုံးခဲ့တာဖြစ်ပါတယ်။



