◾️ သက်ကြီးရွယ်အို၊ ဆီးချို၊ ကင်ဆာ၊ နာတာရှည်အဆုတ်ရောဂါသည်များ၊ ကိုယ်ဝန်ဆောင်များကို ဦးစားပေးအစီအစဉ်ဖြင့် ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပေးသွားမည်
၈. ၇. ၂၀၂၅
Written by Nyein Kyaw
ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ၂၀၂၅ ခုနှစ် ဇွန်လ ၂၉ ရက် ည ၈ နာရီမှ ဇူလိုင်လ ၆ ရက် ည ၈ နာရီအထိ ရက်သတ္တပတ်အတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း ၈၃၉ ခုအား စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၃ ဦး တွေ့ရှိရကြောင်း ထုတ်ပြန်ထားသည်။
ထို့ကြောင့် ရောဂါပိုးတွေ့ရှိမှုရာခိုင်နှုန်းမှာ သုည ဒသမ ၃၆ ရာခိုင်နှုန်းဖြစ်ပြီး အစီရင်ခံကာလအတွင်း ပြင်းထန်လူနာ၊ အထူးကြပ်မတ်ကုသမှုပေးရသောလူနာနှင့် ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးလူနာမရှိကြောင်း ဖော်ပြထားသည်။
လတ်တလောတွင် မိမိတို့နိုင်ငံအတွင်း၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွား/သေဆုံးမှုနှင့် စပ်လျဉ်း၍ စိုးရိမ်ဖွယ်ရာအခြေအနေမရှိသော်လည်း ရောဂါဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် တစ်ကိုယ်ရေကာကွယ်ရေးနည်းလမ်းများကို လိုက်နာဆောင်ရွက်ရန်လိုကြောင်း အသိပေးထားသည်။
ရောဂါကူးစက်ခံရပါက ရောဂါပြင်းထန်နိုင်ခြေနှင့် အသက်ဆုံးရှုံးနိုင်ခြေမြင့်မားသည့် အသက်အရွယ်ကြီးသူများ (အသက် ၆၀ နှစ်နှင့်အထက်)၊ ဆီးချိုရောဂါ၊ နာတာရှည်အဆုတ်ရောဂါ၊ ကင်ဆာရောဂါရှိသူများ၊ ကိုယ်ဝန်ဆောင်မိခင်များ (ကိုယ်ဝန်ဆောင်ကာလ ၃ လနှင့်အထက်)ကို ဦးစားပေးအစီအစဉ်ဖြင့် ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပေးသွားမည်ဖြစ်၍ ကာကွယ်ဆေးထိုးနှံမှုခံယူကြရန် လိုအပ်ကြောင်း အသိပေးထားသည်။
ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အသေးစိတ်သတင်းအချက်အလက်များကို ကျန်းမာရေးဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာ moh.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ပြီး မြန်မာနိုင်ငံရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာန (Myanmar CDC)၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနမှ အသိပေးထားသည်။

