၇.၇.၂၀၂၅
Translated by Htwe Ko Tun
မဲခေါင်မြစ်ကော်မရှင်(MRC) အတွင်းရေးမှူးချုပ်က မဲခေါင်မြစ်ရေက သတ္တုဓာတ်တွေကြောင့် ညစ်ညမ်းမှုရှိနေတာကို ထောက်လှမ်းတွေ့ရှိရပြီးတဲ့နောက် ထိုကိစ္စကအတော်အသင့်စိုးရိမ်ရတဲ့အခြေအနေကို ရောက်ရှိလာခဲ့တယ်လို့ ဇူလိုင်လ ၃ ရက်မှာ သတိပေးစကားပြောခဲ့ပါတယ်။ အခုလို မဲခေါင်မြစ်ရေ ညစ်ညမ်းရမှုကလည်း မြန်မာနိုင်ငံပိုင်နက်ရှိ ကိုယ်ပိုင် အုပ်ချုပ်ရေးဇုန်တစ်ခုအတွင်းမှ စည်းကမ်းထိန်းချုပ်မှုမရှိတဲ့ သတ္တုတွင်းလုပ်ငန်းတွေကနေ စတင်ဖြစ်ပွားရတာလို့ ယုံ ကြည်တယ်လို့ သူကပြောခဲ့ပါတယ်။
မဲခေါင်မြစ်ကော်မရှင်က မကြာမီက မဲခေါင်မြစ်တစ်လျှောက် နေရာအတော်များများမှာ မြစ်ရေကို သုံးသပ်စစ်ဆေးမှုတွေအရ အာဆင်းနစ်ခေါ်တဲ့ စိန်ဓာတ်ပါဝင်မှု မြင့်တက်လာခဲ့တာကို တွေ့ရတယ်လို့ ဆိုပါတယ်။ ကော့က်မြစ်(Kok River) နဲ့ မဲခေါင်မြစ်အစိတ်အပိုင်းတွေမှာ စစ်ဆေးတွေ့ရှိချက်တွေအရ ငါးနေရာစစ်ခဲ့ရာမှာ လေးနေရာမှာ အာဆင်းနစ်ဓာတ်က ပုံမှန်ရှိရမယ့် ရေတစ်လီတာကို ပါဝင်မှု သုည ဒ သမ ၀၁ မီလီဂရမ်ထက် ကျော်လွန်နေတယ်လို့ ဆိုပါတယ်။
စမ်းသပ်စစ်ဆေးမှုတွေအရ မြန်မာနဲ့လာအိုနယ်စပ်မှာရှိတဲ့မြစ်အထက်ပိုင်း မြစ်ညာဒေသတွေနဲ့ မြစ်ကြေပိုင်းဖြစ်တဲ့ လာအိုနိုင်ငံ၊ လွန်ပရာဘန်မြို့တို့မှာတော့ မြစ်ရေမှာ အာဆင်းနစ်ဓာတ်ပါဝင်မှု လျော့နည်းပြီး မြန်မာနဲ့လာအိုနယ်စပ် ရွှေတြိဂံဒေသအထက်နားစခန်းတစ်ခုနဲ့ ထိုင်း-လာအိုနယ်စပ်ရှိ ထိုင်းနိုင်ငံရဲ့ ချင်းခုံခရိုင်တို့ကြားထဲမှာတော့ မြစ်ရေမှာ အာဆင်းနစ်ဓာတ်ပါဝင်မှု မြင့်မားနေတာ တွေ့ရှိခဲ့ရတာပါ။
မဲခေါင်မြစ်ကော်မရှင်က လာအိုနိုင်ငံအတွင်း စီးဆင်းနေတဲ့ မဲခေါင်မြစ်အပိုင်းမှာတော့ မြစ်ရေညစ်ညမ်းမှု စစ်ဆေးတွေ့ရှိရခြင်းမရှိတာကြောင့် မြစ်ရေညစ်ညမ်းမှုက နယ်စပ်ဖြတ်ကျော်အရင်းအမြစ်တွေက အရင်းခံဖြစ်ပွားရတာလို့လည်း ယူဆကြပါတယ်။ ထိုင်းနိုင်ငံရဲ့ပတ်ဝန်းကျင်ညစ်ညမ်းမှုထိန်းချုပ်ရေးဦးစီးဌာနကလည်း မေလက တွေ့ရှိချက်အရထိုင်းနိုင်ငံအတွင်း မဲခေါင်မြစ်ရေမှာ အာဆင်းနစ်ဓာတ်က ရေတစ်လီတာကို ပါဝင်မှု သုည ဒ သမ ၀၂၅ မီလီဂရမ်အထိရှိတယ်လို့ သိရပါတယ်။
ဒီတွေ့ရှိမှုတွေအရ မဲခေါင်မြစ်ကော်မရှင်က မဲခေါင်မြစ်ရေညစ်ညမ်းမှုအခြေအနေက အတော်အသင့် စိုးရိမ်ရတဲ့ အခြေအနေမှာရှိတယ်လို့ ပြောခဲ့တာပါ။ မဲခေါင်မြစ်ကော်မရှင်၊ အတွင်းရေးမှူးချုပ်ကလည်း နယ်စပ်မြစ်ရေ အရည်အသွေးကိုစောင့်ကြည့်ထိန်းချုပ်ဖို့ အစည်းအဝေးတစ်ရပ်ကို ချင်းရိုင်မြို့မှာ ဇူလိုင်လ ၂၁ ရက်မှာ ကျင်းပသွားပြီး ကွင်းဆင်းကြည့်ရှုကြဖို့ စီစဉ်ထားတယ်လို့လည်း ပြောခဲ့ပါတယ်။
ဒီအစည်းအဝေးက လာအို၊ မြန်မာနဲ့ထိုင်း သုံးနိုင်ငံတို့ ပတ်ဝန်းကျင်ညစ်ညမ်းမှုထိန်းချုပ်ရေးစီမံချက်တစ်ခုနဲ့ ဒေသဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအတွက် ရေရှည်လမ်းပြမြေပုံတစ်ရပ်တို့ ရရှိရေးအတွက် သဘောတူညီချက်တစ်ရပ်ရဖို့ ဆွေးနွေးကြမှာပါ။
မဲခေါင်မြစ်ကော်မရှင်ရဲ့အဆိုပါ နောက်ဆုံးအားထုတ်မှုက မြန်မာနိုင်ငံ၊ နယ်စပ်အနီး ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသမှာ သတ္တုတွင်းတူးဖော်မှုစည်းမျဉ်းစည်းကမ်းတွေနဲ့ မကိုက်ညီတဲ့သတ္တုတူးဖော်မှုကြောင့် နယ်စပ်ဖြတ်ကျော်မြစ်ရေညစ်ညမ်းမှုပြဿနာ မြင့်တက်လာမှုအပေါ် အကြီးမားဆုံးတုံ့ပြန် ဆောင်ရွက်မှုလို့လည်း မှတ်ယူရပါတယ်။
မြန်မာနိုင်ငံရဲ့ ရှမ်းပြည်နယ်အတွင်းတောင်တန်းများမှာ စတင်မြစ်ဖျားခံပြီး ထိုင်းနိုင်ငံမြောက်ပိုင်းကို ဖြတ်သန်းစီးဆင်းကာ မဲခေါင်မြစ်သို့ ပေါင်းဝင်တဲ့ ကော့က်မြစ်နဲ့ ဆိုင်းမြစ်(Sai River) တို့မှာ အာဆင်းနစ်လို သတ္တုဓာတ်တွေပါဝင်မှုကိုလည်း စစ်ဆေးတွေ့ရှိခဲ့ကြပါတယ်။
ဒီဖြစ်ရပ်ကို ထိုင်းသတင်းတွေ ဖော်ပြရာမှာတော့ “ဝ”လက်နက်ကိုင် UWSA က သူ့ပိုင်နက်ထဲ တရုတ်ကုမ္ပဏီတွေကို ရွှေတူးဖော်ခွင့်ပေးထားလို့ မြစ်ရေညစ်ညမ်းရတာလို့လည်းဆိုပြီး ဒီရက်ပိုင်းအတွင်းပဲ မြန်မာနိုင်ငံမှာ တရုတ်၊ ထိုင်း ကိုယ်စားလှယ်တွေက လာရောက်ဆွေးနွေးမှုပြုခဲ့ပါသေးတယ်။
ထိုင်းနိုင်ငံရဲ့ပတ်ဝန်းကျင်ညစ်ညမ်းမှုထိန်းချုပ်ရေးဦးစီးဌာနကလည်း အခြေအနေကို အနီးကပ်စောင့် ကြည့်လျက်ရှိတယ်လို့ပြောခဲ့ပြီး မိုးရာသီအတွင်း မြစ်ရေညစ်ညမ်းမှုက ပိုမိုဆိုးဝါးလာတယ်လို့ ပြောခဲ့ပါတယ်။ ဒါကြောင့် တာဝန်ရှိသူတွေက ဒေသခံပြည်သူလူထုတွေကို အဆိုပါမြစ်ရေတွေက ကျန်းမာရေးကို ထိခိုက်စေနိုင်လို့ မိသားစုသုံး ဒါမှမဟုတ် စိုက်ပျိုးရေးလုပ်ငန်းသုံးအတွက် အသုံးမပြုကြဖို့ အကြံပေးထားတယ်လို့ သိရပါတယ်။
ထိုင်းအစိုးရကလည်း ဒီပြဿနာကိုဖြေရှင်းနိုင်ဖို့ မြန်မာအစိုးရနဲ့ တိုက်ရိုက်ညှိနှိုင်းဆွေးနွေးမှုတွေ ပြုလုပ်ဖို့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။ အာဏာပိုင်တွေအနေနဲ့ ဒေသအတွင်းစီးဆင်းနေတဲ့မြစ်တွေကို ကြီးမားစွာမှီခိုနေကြရတဲ့ ဒေသခံလူ့အဖွဲ့အစည်းတွေကို ကာကွယ်ပေးဖို့လိုအပ်ချက်ကို မီးမောင်းထိုးပြခဲ့ကြပါတယ်။
Ref- Bangkok Post
