March 28, 2024

၃၁. ၁. ၂၀၂၃
Written by Naing Thuta

ယနေ့နံနက်ပိုင်းက မန္တလေးမြို့တွင် ခြင်ဆေးခွေထွန်းထားခဲ့ရာမှ မီးစတင်လောင်ကျွမ်းခဲ့ပြီး ဘေးကပ်လျှပ်ရှိ နေအိမ်များပါ မီးကူးစက်လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။

ဖြစ်စဉ်မှာ ဇန်နဝါရီ ၃၁ ရက် နံနက် ၇ နာရီ ၅၅ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ မောရဂီဝါရပ်ကွက်၊ ၃၂(အေ)လမ်း၊ ၇၃ လမ်းနှင့် ၇၄လမ်းကြား၊ အောင်သုခဓမ္မာရုံရှေ့ရှိ အုတ်ညှပ်ပျဉ်တောင် နှစ်ထပ်နေအိမ် မီးလောင်ကျွမ်းခဲ့ရာ တိုင်းဒေသကြီးမီးသတ်ဦးစီးဌာနမှူး ညွှန်ကြားရေးမှူး ဦးဇော်ဝင်းထွန်း ဦးစီးသော သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၃၀ ဦး၊ အရံမီးသတ်တပ်ဖွဲ့ဝင် ၆၀ ဦး၊ မီးသတ်ယာဉ် ၁၀ စီး၊ အုပ်ချုပ်မှုယာဉ် ၃ စီး၊ ရေသယ်ယာဉ် ၅ စီးတို့ဖြင့် မီးဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြပြီး ၈ နာရီ ၁၁ မိနစ်တွင် မီးထိန်းနိုင်ခဲ့ကာ ၈ နာရီ ၁၅ မိနစ်၌ မီးလုံးဝငြှိမ်းသတ်နိုင်ခဲ့ကြောင်း မီးသတ်ဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

အဆိုပါမီးစတင်လောင်ကျွမ်းရသည့်အကြောင်းရင်းမှာ အသက် ၂၆ နှစ်အရွယ် နေအိမ်ပိုင်ရှင်အမျိုးသားသည် မီးဖိုချောင်အတွင်း၌ ထင်းမီးဖြင့် ပေါက်စီဖုတ်ခဲ့ပြီးနောက် မီးကျွင်းမီးကျန်များအား ထားရှိကာ မီးဖိုအနီးတွင် ခြင်ဆေးခွေထွန်းထားခဲ့ပြီး မနက် ၇ နာရီတွင် ကျွဲဆည်ကန်ကားကွင်းဘက်သို့ ဧည့်သည်အား သွားရောက်ပို့ဆောင်ရာ နေအိမ်တံခါးပိတ်ထွက်သွားချိန်တွင် ခြင်ဆေးခွေမှ ဘေးရှိ ထင်းပုံသို့ မီးကူးစက်လောင်ကျွမ်းခဲ့ရာ နေအိမ်အောက်ဘက်ရှိ မီးဖိုခန်း ၂၅×၂၅ ပတ်လည် အပေါ်ထပ်နှင့် အောက်ထပ် ခေါင်မိုးသို့ မီးကူးစက်လောင်ကျွမ်း၍ ဘေးကပ်လျှက်ရှိသော (၄)ထပ်တိုက်၏ ဒုတိယထပ်နှင့် အပေါ်ထပ်ရှိ ပြတင်းလေကာအမိုးနှင့် ပြတင်းပေါက်မှန်မီးလောင်ကျွမ်းခဲ့သည်။ ထို့ပြင် နောက်ထပ်ဘေးကပ်လျှပ်(၂)ထပ်တိုက်နေအိမ်သည်လည်း အပေါ်ထပ်ပြတင်းပေါက်နှင့် မျက်နှာကြတ်များပါ မီးကူးစက်လောင်ကျွမ်းခဲ့ကြောင်း သိရသည်။

မီးလောင်ကျွမ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုကာလတန်ဖိုး ၆၈၇၅၀၀၀ ကျပ်ခန့်ဖြစ်ပြီး လူနှင့် တိရစ္ဆာန် ထိခိုက်မှုမရှိကြောင်းနှင့် အိမ်ရှင်အမျိုးသားအား အမှတ် ၈ မြို့မရဲစခန်းမှ (ပ) ၂၆/၂၀၂၃၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *