April 27, 2024

MT News

Written By Thandar

ပရိသတ်အားပေးမူရရှိထားတဲ့ အဆိုတော် ပိုးမီကတော့ ဖောက်ပြန်တတ်တဲ့ ချစ်သူအကြောင်း သီဆိုထားတဲ့ “ချစ်တယ် အလိုမလိုက်ဘူး” တေးသီချင်းထွက်ရှိလာမယ်လို့ M T News Entertainment ကို ပြောပါတယ်။

ဒီသီချင်းလေးကို လာမယ့် ဖေဖော်ဝါရီ ၃ရက်မှာ Poe Mi Official YouTube Channelကို တင်ဆက် ပေးသွားမယ်လို့ သိရပါတယ်။

“အမှန်က ကြာပါပြီ။ ပိုးမီအခွေအတွက် လုပ်ထားတဲ့ သီချင်းလေးပါ။ ရိုက်ကူးထားတာရော ဆိုထားတာရော နှစ်ချီနေပါပြီ။ ကြားထဲမှာ မထွက်ဖြစ်ဘူး။ ဂီတပိုင်းနဲ့ အဆက်အသွယ်ပြတ်နေတာလည်း ကြာပြီလေ။ ဒီသီချင်းခွေ မထွက်သေးဘူးလားမေးနေတဲ့ Fanတွေ အတွက် နားဆင်စေချင်လို့ ထွက်ဖြစ်လိုက်တာပါ။ လူတိုင်းကတော့ ကိုယ့်အပေါ်မှာ သစ္စာဖောက်သွားတဲ့သူကို သိသိချင်းမှာ ‌ဒေါသထွက်ကြတယ်။ အပြင်မှာတော့ ဒီလို ပုံစံမရှိပေမယ့် ဒေါသထွက်ကြတယ်။ စိတ်နာတာတွေဖြစ်ကြတယ်ဆိုတာကို ပုံဖော်ရိုက်ထားတာပါ။ အဓိကတော့ စိတ်ကူးယဥ် ဇာတ်လမ်းလေးပါ။ ဒီ ဗီဒီယိုကြည့်ပြီးတော့ အပြင်မှာ လိုက်မလုပ်ပါနဲ့လို့တော့ ပြောချင်ပါတယ်။ ကိုယ့်ချစ်သူက ကိုယ့်ကိုသစ္စာဖောက်သွားလည်း သူ့စိတ်ချမ်းမယ်ဆိုရင် လက်လွှတ်ပေးလိုက်ရင်တော့ အကောင်းဆုံးပေါ့။ ဘာပဲဖြစ်ဖြစ် Relationship တစ်ခုတည်ဆောက်ရင် နှစ်ဦးနှစ်ဖက်က အပြန်အလှန်မေတ္တာ တရားရှိမှ တည်ဆောက်လို့ရတာပါ”လို့ အဆိုတော် ပိုးမီကပြောသည်။

“ချစ်တယ် အလိုမလိုက်ဘူး”ကို တေးရေးဆရာ ဘိုဘိုထွဋ်ကရေးသားထားပြီးတော့ Rock Music အမျိုးအစား ဖြစ်ပါတယ်။ ဒီသီချင်းကို Dream Catcher စတူရီယိုမှာ အသံသွင်းထားပြီး Music Video ကို ဒါရိုက်တာ Kina က ရိုက်ကူးထားသလို သရုပ်ဆောင်တွေဖြစ်တဲ့ ပိုးမီ ၊ ဂူးဂူး၊ သက်နှင်းသခင် တို့က ပါဝင်သရုပ်ဆောင်ထားကြတယ်လို့ သိရပါတယ်။

“သီချင်းတွေက မထွက်တာကြာတော့ ပထမဆုံး သီချင်းပြန်ထွက်တာမို့ ရင်ပြန်ခုန်ရတာပေါ့။ ပရိသတ်ရဲ့ တုံ့ပြန့်မူကရော ဘယ်လိုရှိဦးမလဲပေါ့။ နောက်တစ်ခုက ပိုးမီကို အသည်းကွဲသီချင်းတွေနဲ့ပဲ တွဲမြင်ရတာများတယ်။ ဒီတစ်ခါမတူညီတဲ့ သီချင်းပုံစံမြူးဇစ်ကိုလည်း ဆိုထားတယ်။ ပိုးမီရဲ့ ရှားရှားပါးပါး ခပ်ကြမ်းကြမ်း ရော့ခ် သီချင်းတစ်ပုဒ်ပါ။ ပိုးမီရဲ့ ပရိသတ်ဆီက စကားသံကို ရင်ခုန်စွာနဲ့မျှော်နေပါတယ်”လို့ သူမကဆက်ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News