◾️ ၂၀၂၅ ခုနှစ် မြန်မာအမျိုးသမီးများနေ့ အခမ်းအနားသို့ SAC ဥက္ကဋ္ဌ၏ ဇနီး ဒေါ်ကြူကြူလှ တက်ရောက်အားပေးခဲ့ပြီး ၂၀၂၄ ခုနှစ်အတွင်း ကဏ္ဍအလိုက် ထူးချွန်အမျိုးသမီးများအား ဂုဏ်ပြုတံဆိပ်များ ချီးမြှင့်

၃. ၇. ၂၀၂၅
Written by Nyein Kyaw
အမျိုးသမီးကဏ္ဍမြှင့်တင်ဆောင်ရွက်ရာတွင် တစ်ဦးချင်းစွမ်းဆောင်ရည်ရှိမှုအပြင် ဆုံးဖြတ်ချက်ချမှတ်နိုင်သည့် အဆင့်များတွင်လည်း အမျိုးသမီးများ ပိုမိုပါဝင်နိုင်ရန်လိုအပ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့ ပြုလုပ်သည့် ၂၀၂၅ ခုနှစ် မြန်မာအမျိုးသမီးများနေ့ အခမ်းအနားသို့ ပေးပို့သည့် ဗီဒီယိုမိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။
အမျိုးသမီးကဏ္ဍမြှင့်တင်ဆောင်ရွက်ရာတွင် အမျိုးသမီးများ၏ တစ်ဦးချင်း စွမ်းဆောင်ရည်ရှိမှုသည် အရေးပါသကဲ့သို့ ဆုံးဖြတ်ချက် ချမှတ်နိုင်သည့် အဆင့်များတွင်လည်း အမျိုးသမီးများ ပိုမိုပါဝင်နိုင်ရန်လိုအပ်ကြောင်း၊ မြန်မာစာရင်းအင်းစာစောင် (၂၀၂၄) အရ နိုင်ငံ့ဝန်ထမ်းဆိုင်ရာ အချက်အလက်စာရင်းဇယားများတွင် ၂၀၂၄ ခုနှစ်၊ မတ်လကုန်အထိ နိုင်ငံ့ဝန်ထမ်းများ၏ ၆၀ ဒသမ ၁၄ ရာခိုင်နှုန်းသည် အမျိုးသမီးများဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။





ဆုံးဖြတ်ချက်ချမှတ်နိုင်သည့် အမျိုးသမီး အချိုးအစားမှာလည်း ဒုတိယညွှန်ကြားရေးမှူးနှင့်အထက် ဝန်ထမ်းဦးရေမှာ အမျိုးသမီးပါဝင်မှု ရာခိုင်နှုန်းမှာ ၅၃ ဒသမ ၆၃ ရာခိုင်နှုန်း ဖြစ်နေသည်ကို တွေ့ရှိရကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
မြန်မာစာရင်းအင်းစာစောင်(၂၀၂၄)အရ ကျန်းမာရေးကဏ္ဍမှာ မွေးဖွားမှုနှင့် သေဆုံးမှုစာရင်းအင်းများအရ မျှော်မှန်းသက်တမ်းသည် ခုနှစ်တွင် အမျိုးသားများသည် ၆၃ နှစ်ခန့်ရှိပြီး အမျိုးသမီးများသည် ၇၂ နှစ်ခန့်ရှိသည့်အတွက် အမျိုးသမီးများက အမျိုးသားများထက် အသက်ပိုရှည်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
၎င်းအပြင် တစ်နှစ်အောက် ကလေးသေဆုံးမှုနှုန်း၊ ငါးနှစ်အောက်ကလေး သေဆုံးမှုနှုန်းနှင့် စုစုပေါင်း မွေးဖွားမှုနှုန်းတို့မှာ နှစ်အလိုက်ကျဆင်းလာသည့်အတွက် အမျိုးသမီးများ အနေဖြင့် ကျန်းမာရေးဗဟုသုတနှင့် ကျန်းမာရေးစောင့်ရှောက်မှုတွင် ပိုမိုကောင်းမွန်လာကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နိုင်ငံတော်အဆင့်မဟာဗျူဟာစီမံကိန်း (၂၀၂၃-၂၀၃၂) ကို အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ဦးဆောင်ကော်မတီနှင့် လုပ်ငန်း ကော်မတီ (၁၂) ရပ်တို့တွင်ပါဝင်သည့် သက်ဆိုင်ရာဝန်ကြီးဌာနများ အဖွဲ့အစည်းများအားလုံးက ပိုမိုကြိုးပမ်းဆောင်ရွက်ပေးရန် တိုက်တွန်းပြောကြားလိုကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
အဆိုပါ ၂၀၂၅ ခုနှစ် မြန်မာအမျိုးသမီးများနေ့ အခမ်းအနားသို့ SAC ဥက္ကဋ္ဌ၏ ဇနီး မြန်မာအမျိုးသမီးအဖွဲ့ချုပ် ဂုဏ်ထူးဆောင်နာယက ဒေါ်ကြူကြူလှ တက်ရောက်အားပေးခဲ့ပြီး ၂၀၂၄ခုနှစ်အတွင်း စစ်ဘက်ဆိုင်ရာ၊ ရဲတပ်ဖွဲ့၊ မသန်စွမ်းအားကစား၊ စာပေ၊ စီးပွားရေးဆိုင်ရာ ကဏ္ဍအလိုက် ထူးချွန်အမျိုးသမီးများအား ဂုဏ်ပြုတံဆိပ်၊ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများအား ဆုများချီးမြှင့်ပေးခဲ့သည်။
