◾️ ယခုဘဏ္ဍာနှစ်တွင် အသုံးစရိတ် ပိုတိုးလာခဲ့၍ လိုငွေနှင့်ဂျီဒီပီအချိုးမှာလည်း ယခင်နှစ်ထက် ၂ ရာခိုင်နှုန်းကျော် မြင့်တက်

၃. ၇. ၂၀၂၅
Written by Nyein Kyaw
မြန်မာနိုင်ငံအနေဖြင့် ယခုဘဏ္ဍာနှစ်တွင် စုစုပေါင်းရငွေ ကျပ်ဘီလျံ ၃,၆၉၀ ခန့် ပိုတိုးရရှိနိုင်မည်ဖြစ်သော်လည်း အသုံးစရိတ်ပိုင်းတွင် ကျပ်ဘီလျံ ၇,၇၃၀ ကျော်တိုးလာမည်ဖြစ်၍ ယခင်နှစ်ထက် လိုငွေပမာဏ ကျပ်ဘီလျံ ၄,၀၀၀ ကျော်အထိ မြင့်တက်ခဲ့ကြောင်း ဇူလိုင်လ ၂ ရက်တွင် ပြုလုပ်သည့် နိုင်ငံတော်၏ စီးပွားရေးတိုးတက်စေရန်အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ ထုတ်ပြန်ထားသည့် ပြည်ထောင်စု၏ အရအသုံးခန့်မှန်းခြေငွေစာရင်းမှ သိရသည်။
မြန်မာနိုင်ငံအနေဖြင့် ယခင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် စုစုပေါင်းရငွေ ကျပ် ၂၄,၅၅၃ ဒသမ ၅၀၉ ဘီလျံသာရှိသည်။ ယခု ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် စုစုပေါင်းရငွေ ကျပ် ၃၈,၂၄၂ ဒသမ ၃၁၁ ဘီလျံအထိရရှိမည်ဖြစ်၍ ယခင်ဘဏ္ဍာနှစ်ထက် ကျပ် ၃,၆၈၈ ဘီလျံကျော် ပိုမိုတိုး၍ရရှိလာမည်ဖြစ်သည်။
ယခင်ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံအနေဖြင့်အသုံးစရိတ် ကျပ် ၃၈,၈၆၂ ဒသမ ၃၄၇ ဘီလျံသာရှိသည်။ ယခုဘဏ္ဍာနှစ်တွင် အသုံးစရိတ် ကျပ် ၄၆,၅၉၅ ဒသမ ၂၃၁ ဘီလျံအထိရှိလာမည်ဖြစ်၍ ယခင်ဘဏ္ဍာနှစ်ထက် အသုံးစရိတ် ကျပ် ၇,၇၃၂ ဘီလျံကျော်အထိ တိုးမြင့်လာမည်ဖြစ်သည်။

ထို့ကြောင့် ယခင်ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံ၏လိုငွေမှာ ကျပ် ၄,၃၀၈ ဒသမ ၀၃၈ ဘီလျံသာရှိသော်လည်း ယခုဘဏ္ဍာနှစ်တွင် နိုင်ငံ၏လိုငွေမှာ ကျပ် ၈,၃၅၂ ဒသမ ၉၂၀ ဘီလျံအထိ ရှိလာမည်ဖြစ်၍ ယခင်ဘဏ္ဍာနှစ်ထက် နိုင်ငံ၏လိုငွေမှာ ကျပ် ၄,၀၄၄ ဘီလျံကျော် ပိုမိုတိုးလာမည်ဖြစ်သည်။
ယခင်ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံအနေဖြင့် ဂျီဒီပီတန်ဖိုး ကျပ် ၁၆၀,၆၅၄ ဒသမ ၈၂၇ ဘီလျံရှိပြီး နိုင်ငံ၏လိုငွေ ကျပ် ၄,၃၀၈ ဒသမ ၀၃၈ ဘီလျံရှိ၍ လိုငွေနှင့်ဂျီဒီပီအချိုးမှာ ၂ ဒသမ ၆၈ ရာခိုင်နှုန်းသာရှိသည်။
ယခုဘဏ္ဍာနှစ်တွင် ဂျီဒီပီတန်ဖိုး ကျပ် ၁၇၁,၄၉၈ ဒသမ ၁၂၅ ဘီလျံရှိပြီး နိုင်ငံ၏လိုငွေ ကျပ် ၈,၃၅၂ ဒသမ ၉၂၀ အထိရှိလာ၍ လိုငွေနှင့်ဂျီဒီပီအချိုးမှာ ၄ ဒသမ ၈၇ အထိရှိလာပြီး ယခင်ဘဏ္ဍာနှစ်ထက် လိုငွေနှင့်ဂျီဒီပီအချိုး ၂ ဒသမ ၁၉ ရာခိုင်နှုန်းအထိ တိုးမြင့်လာမည်ဖြစ်သည်။
နိုင်ငံတစ်ခု၏ စီးပွားရေးကို GDP ဖြင့်တိုင်းတာကြကြောင်း၊ ၂၀၂၄ -၂၀၂၅ ခုနှစ် ဘဏ္ဍာနှစ်တွင် မိမိတို့နိုင်ငံ၏ GDP မှာ အမေရိကန်ဒေါ်လာ ၇၆ ဒသမ ၄ ဘီလျံရှိကြောင်း၊ ၂၀၂၅- ၂၀၂၆ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၈၁ ဒမသ ၆ ဘီလျံအထိ မျှော်မှန်းဆောင်ရွက်လျက်ရှိပြီး ၅ ဒသမ ၂ ဘီလျံခန့်တိုးတက်အောင် ရည်မှန်းဆောင်ရွက်နေခြင်းဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အထက်ပါအစည်းအဝေးတွင် ပြောကြားသည်။
