
၃. ၇. ၂၀၂၅
Written by Nay Moe
မိုးဗြဲမြို့ကို တပ်မတော်က ပြန်လည်ထိန်းချုပ်လိုက်နိုင်တဲ့ ဇူလိုင် ၂ ရက်မှာပဲ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းက မိုးဗြဲတိုက်ပွဲမှာ Free Burma Ranger (FBR) အဖွဲ့က ဆေးမှူးတစ်ဦးသေဆုံးရတယ်လို့ ဝန်ခံချက်ကို ထုတ်ပြန်လာပါတယ်။
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့က မိုးဗြဲမြို့မှာ တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့ရာမှာ Free Burma Ranger အဖွဲ့ဟာ KNDF နဲ့ PDF တွေဘက်ကနေ ဆေးတပ်အဖြစ် ပါဝင်တိုက်ခိုက် ကူညီခဲ့ပြီး တိုက်ပွဲအတွင်း Ranger တစ်ဦးဖြစ်တဲ့ Benedict To က ဆေးမှူးအဖြစ် တာဝန်ထမ်းဆောင်ရင်း ဒဏ်ရာရရှိသူတွေ သယ်ဆောင်လာချိန် မော်တာကျည် ထိမှန် သေဆုံးခဲ့တာပါ။
FBR က ထုတ်ပြန်တဲ့ ဗီဒီယိုမှာ ရှေ့တန်းရောက် FBR တွေ ကူညီကယ်ဆယ်ပုံတွေ ရိုက်ပြထားပြီး ဒီတိုက်ပွဲတစ်ခုတည်းတင် KNDF နဲ့ PDF တွေ ၂၀ ကျော် ဒဏ်ရာရခဲ့တာ တွေ့ရပေမဲ့ FBR ထုတ်ပြန်ရာမှာတော့ သူတို့အဖွဲ့က သေသူစာရင်းပဲ ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၁၀ ရက်က FBR ထုတ်ပြန်ခဲ့ရာမှာလည်း အမေရိကန်နဲ့ အနောက်အုပ်စုတွေက NUG နဲ့ PDF တွေ၊ တိုင်းရင်းသားလက်နက်ကိုင်တွေကို ကူညီတိုက်ခိုက်ဖို့ ပြည်ပနိုင်ငံသားတွေက လက်နက်ကိုင်ဖွဲ့စည်းထားတဲ့ Free Burma Ranger အဖွဲ့က ဆေးမှူး နော်စေးမူးဖောနဲ့ ဆေးမှူးနှစ်ဦးဟာ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်က ကျေးရွာတွေမှာ PDF တွေနဲ့ လှည့်လည်နေချိန် မတ်လ ၈ ရက်မှာ လေကြောင်းတိုက်ခိုက်ခံရပြီး ဒီဗုံးကြဲခံရမှုကြောင့် ဆေးမှူးတစ်ဦးနေရာမှာတင် သေဆုံးခဲ့သလို တစ်ဦးဒဏ်ရာအပြင်းအထန်ရတဲ့အပြင် အသက် ၂၅ နှစ်အရွယ် နော်ဆေးမူးဖောလည်း ခန္ဓာကိုယ်အနှံ့ မီးလောင်ဒဏ်ရာတွေရပြီး မတ်လ ၁၀ ရက်မှာ သေဆုံးသွားတယ်လို့ ထုတ်ပြန်ခဲ့ပါသေးတယ်။
