◾️ ကုန်ထုတ်လုပ်မှုလုပ်ငန်းများတိုးတက်ရေး အားပေးဆောင်ရွက်သွားမည်ဖြစ်ပြီး နိုင်ငံ့စီးပွားတိုးတက်ရေး ဆောင်ရွက်လိုသူများကို မြေတောင်မြှောက်ပေးရမည်ဟု SAC ဥက္ကဋ္ဌ ပြောကြား

၃. ၇. ၂၀၂၅
Written by Nyein Kyaw
ယခုဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံ၏ GDP ကို ယခင်နှစ်ထက် ဒေါ်လာ ၅ ဘီလျံကျော်အထိ တိုးတက်အောင် ရည်မှန်းဆောင်ရွက်နေချိန် ကမ္ဘာ့ဘဏ်က မှန်ကန်ပြည့်စုံမှုမရှိသည့် အချက်အလက်များကိုအခြေခံ၍ မြန်မာ့စီးပွားရေးကို အနုတ် ၂ ဒသမ ၅ ရာခိုင်နှုန်းကျဆင်းမည်ဟု ခန့်မှန်းထားသည်ကို တွေ့ရှိရကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဇူလိုင် ၂ ရက်တွင် ပြုလုပ်သည့် နိုင်ငံတော်၏ စီးပွားရေးတိုးတက်စေရန်အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြောကြားသည်။
နိုင်ငံတစ်ခု၏ စီးပွားရေးကို GDP ဖြင့်တိုင်းတာကြကြောင်း၊ ၂၀၂၄ -၂၀၂၅ ခုနှစ် ဘဏ္ဍာနှစ်တွင် မိမိတို့နိုင်ငံ၏ GDP မှာ အမေရိကန်ဒေါ်လာ ၇၆ ဒသမ ၄ ဘီလျံရှိကြောင်း၊ ၂၀၂၅- ၂၀၂၆ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၈၁ ဒမသ ၆ ဘီလျံအထိ မျှော်မှန်းဆောင်ရွက်လျက်ရှိပြီး ၅ ဒသမ ၂ ဘီလျံခန့်တိုးတက်အောင် ရည်မှန်းဆောင်ရွက်နေခြင်းဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
ထိုသို့ မိမိတို့အနေဖြင့် မျှော်မှန်းဆောင်ရွက်နေချိန်တွင် ကမ္ဘာ့ဘဏ်မှ မိမိတို့နိုင်ငံ၏ စီးပွားရေးကို ယခင်က ၂ ဒသမ ၅ အထိ မျှော်မှန်းထားသော်လည်း လက်ရှိအချိန်တွင် အနုတ် ၂ ဒသမ ၅ အထိကျဆင်းနိုင်သည်ဟု ခန့်မှန်းထားသည်ကိုတွေ့ရှိရကြောင်း၊ ၎င်းတို့ တွက်ချက်သည့်စာရင်းများတွင် အချက်အလက်များ မှန်ကန်မှုမရှိခြင်းနှင့် ပြည့်စုံမှုမရှိခြင်းများရှိသည်ကိုတွေ့ရှိရကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
မိမိတို့နိုင်ငံအတွက် အရေးကြီးသည်မှာ အမှန်တကယ်အလုပ်လုပ်ရန်လိုကြောင်း၊ မည်သို့ပင် နိုင်ငံ၏ GDP ကျဆင်းမည်ဟု ၎င်းတို့အနေဖြင့် မျှော်မှန်းထားသော်လည်း နိုင်ငံအတွင်းနေထိုင်သူများက ကြိုးပမ်းဆောင်ရွက်ပါက နိုင်ငံ၏ GDP မှာတိုးတက်လာမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် အာဆီယံနိုင်ငံများနှင့် အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ်ပါက GDP နည်းပါးလျက်ရှိသဖြင့် GDP တိုးတက်စေရေး ကုန်ထုတ်လုပ်ငန်းများ တိုးတက်အောင် စွမ်းအားရှိသမျှအားထုတ်ကြိုးပမ်း ဆောင်ရွက်သွားကြရန်လိုကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
ကမ္ဘာ့ဘဏ်အနေဖြင့် မိမိတို့နိုင်ငံတွင် ပဋိပက္ခများကြောင့် ကုန်ထုတ်လုပ်မှုများ ထိခိုက်၍ အလုပ်မလုပ်နိုင်ခြင်း၊ မန္တလေးငလျင်ကြီးဖြစ်ပေါ်ခဲ့မှုကြောင့် စီးပွားရေးလုပ်ငန်းများ ထိခိုက်ရခြင်း စသည်တို့ကြောင့် GDP လျော့နည်းနိုင်သည်ဟု သုံးသပ်ခဲ့ကြောင်း၊ မိမိတိုအနေဖြင့် ငလျင်သဘာဝဘေးအလွန် ဆောင်ရွက်သွားမည့်လုပ်ငန်းစဉ်များ၌ စီးပွားရေးလုပ်ငန်းများ အမြန်ဆုံးပြန်လည်ဦးမော့လာစေရေး အတိုးနှုန်းသက်သာစွာဖြင့် ရင်းနှီးမြှုပ်နှံငွေများ ထုတ်ပေးရေးသည်လည်း ပါဝင်ကြောင်း၊
မိမိတို့အနေဖြင့် ထိခိုက်ခဲ့ရသည့် နိုင်ငံ့စီးပွားပြန်လည်ကောင်းမွန်စေရေး အစွမ်းကုန်ကြိုးပမ်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးတက်ရေးကို အားပေးဆောင်ရွက်သွားမည်ဖြစ်ပြီး နိုင်ငံ့စီးပွားတိုးတက်ရေးတွင် ဆောင်ရွက်လိုသူများကို မြေတောင်မြှောက်ပေးရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်သွားမည်ဆိုပါက နိုင်ငံ့စီးပွားသည်လည်း တိုးတက်လာနိုင်မည်ဖြစ်သည်ဟု ယုံကြည်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
ပြီးခဲ့သည့် ဇွန်လ ၁၂ ရက်တွင် ကမ္ဘာ့ဘဏ်မှ ထုတ်ပြန်သည့် မြန်မာ့စီးပွားရေး စောင့်ကြည့်လေ့လာမှု အစီရင်ခံစာတွင် မန္တလေးငလျင်ကြောင့် ရုပ်ပိုင်းဆိုင်ရာ အခြေခံအဆောက်အအုံများ၏ တိုက်ရိုက်ထိခိုက် ပျက်စီးဆုံးရှုံးမှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၁ ဘီလျံရှိနိုင်သည်ဟု ခန့်မှန်းထားပြီး ယင်းပမာဏမှာ မြန်မာနိုင်ငံ GDP ၏ ၁၄ ရာခိုင်နှုန်းနှင့် ညီမျှကြောင်းနှင့် ငလျင်ဘေး၏ အကျိုးဆက်များကြောင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ဂျီဒီပီ ၂ ဒသမ ၅ ရာခိုင်နှုန်းခန့်လျော့ကျသွားမည်ဟု ဖော်ပြထားသည်။
