
၃. ၇. ၂၀၂၅
Written by Nyein Kyaw
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃ ရက်တွင် ကျရောက်သည့် မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုသောအားဖြင့် အမျိုးသမီး ၁၅၈ ဦးအား သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်၊ ဂုဏ်ထူးဆောင်ဘွဲ့၊ ဂုဏ်ထူးဆောင်တံဆိပ်များ ပေးအပ်ချီးမြှင့်ခဲ့သည်။
သာသနာတော်သုံးရပ် တိုးတက်စည်ပင် ထွန်းကားပြန့်ပွားစေရန်အလို့ငှာ သာသနာတော်ကို ပစ္စည်းလေးပါးတို့ဖြင့် စွမ်းစွမ်းတမံ ထောက်ပံ့လှူဒါန်းခဲ့သော အမျိုးသမီး ၇ ဦးအား သီဟသုဓမ္မသိင်္ဂီဘွဲ့တံဆိပ်အား ပေးအပ်ချီးမြှင့်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကာင်စီသည် အမိန့်ကြော်ငြာစာအမှတ် (၉၄/၂၀၂၅) ဖြင့် ဇူလိုင်လ ၂ ရက်တွင် ထုတ်ပြန်ထားသည်။




သက်ဆိုင်ရာလုပ်ငန်းနယ်ပယ်အလိုက် ထူးချွန်ပြောင်မြောက်စွာ ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည့် အမျိုးသမီးများအား စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ပေးအပ်ခဲ့ကြောင်းလည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကာင်စီ၏ အမိန့်ကြော်ငြာစာအမှတ် (၉၅/၂၀၂၅) ဖြင့် ဇူလိုင်လ ၂ ရက်တွင် ထုတ်ပြန်ထားသည်။
ယင်းကဲ့သို့ ပေးအပ်ချီးမြှင့်ရာတွင် စွမ်းဆောင်မှုဆိုင်ရာဂုဏ်ထူးဆောင်ဘွဲ့တွင် ရခိုင်ပြည်နယ်လွတ်မြောက်ရေးပါတီ ဥက္ကဋ္ဌ စောမြရာဇာလင်းနှင့် ကရင်မျိုးသားအစည်းအရုံး၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ငြိမ်းချမ်းရေးကောင်စီ) ဒုတိယဥက္ကဋ္ဌ နော်ကပေါ်ထူးအပါအဝင် ၃ ဦးအား ဝဏ္ဏကျော်ထင်ဘွဲ့ ပေးအပ်ချီးမြှင့်ခဲ့သည်။




ထို့အပြင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆိုင်ရာ စွမ်းရည်သတ္တိဂုဏ်ထူးဆောင်တံဆိပ်တွင် ရဲဗလတံဆိပ်ကို ပညာရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့အပြင် အရပ်သားများနှင့် PDF များ၏ သတ်ဖြတ်မှုခံရသော အနုပညာရှင် (ဒေါ်)လီလီနိုင်ကျော် အပါအဝင် အမျိုးသမီး ၆၅ ဦးအား ပေးအပ်ချီးမြှင့်ခဲ့သည်။ ရဲကျော်စွာတံဆိပ်ကို မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲအုပ်အမျိုးသမီး ၂ ဦးအား ပေးအပ်ချီးမြှင့်ခဲ့သည်။
စွမ်းဆောင်ရည်ဂုဏ်ထူးဆောင်ဘွဲ့များ ပေးအပ်ရာတွင် စီမံထူးချွန်တံဆပ် (ဒုတိယအဆင့်) ၂ ဦး၊ စီမံထူးချွန်တံဆိပ် (တတိယအဆင့်) ၁၅ ဦး၊ လူမှုထူးချွန်တံဆိပ် (ပထမအဆင့်) ၉ ဦး၊ လူမှုထူးချွန်တံဆိပ် (ဒုတိယအဆင့်) ၄ ဦး၊ လူမှုထူးချွန်တံဆိပ် (တတိယအဆင့်) ၄၄ ဦး ပေးအပ်ချီးမြှင့်ခဲ့သည်။
စီးပွားထူးချွန်တံဆိပ်ပေးအပ်ရာတွင် လယ်ယာစီးပွားထူးချွန်တံဆိပ် (တတိယအဆင့်) ၁ ဦး၊ ဝန်ဆောင်စီးပွားထူးချွန်တံဆိပ် (တတိယအဆင့်) ၄ ဦး၊ ပညာရပ်ဆိုင်ရာထူးချွန်တံဆိပ်များ ပေးအပ်ရာတွင် အနုပညာထူးချွန်တံဆိပ် (ပထမအဆင့်) ကို အနုပညာရှင် ဒေါ်ဆွေဇင်ထိုက်၊ စာပေပညာထူးချွန်တံဆိပ် (ပထမအဆင့်) ကို စာပေပညာရှင် ဒေါ်မြမြသန်း (ခ) မနှင်းဖွေးအား ပေးအပ်ချီးမြှင့်ခဲ့သည်။
