၁. ၇. ၂၀၂၅
Written by Nay Moe
မင်းတုန်းမြို့နယ်၊ ထညောင့်တင်ရွာမှ အမျိုးသမီးငယ်နှစ်ဦးက PDF များကို ပြန်မကြိုက်သဖြင့် ဒလန်ဟုစွပ်စွဲကာ မင်းတုန်းပကဖအဖွဲ့ဖြစ်သော USBA (United States Of Burma Army) မှ နေအိမ်အတွင်း ဝင်ရောက်သတ်ဖြတ်လိုက်သည်ဟု သိရသည်။
ဖြစ်စဉ်မှာ ၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၉ ရက် မွန်းလွဲ ၁ နာရီတွင် မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်၊ ထညောင့်တင်ကျေးရွာနေ ဒေါ်စန္ဒာဝင်း(၂၈)နှစ်နှင့် ၎င်း၏ညီမဖြစ်သူ မချောရတနာ(၁၈)နှစ်တို့ နှစ်ဦးသည် ၎င်းတို့၏နေအိမ်၌ ရှိနေစဉ် NUG လက်အောက်ခံ မင်းတုန်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဖြစ်သော PDF ခြောက်ဦး(စိစစ်ဆဲ)က ဆိုင်ကယ်သုံးစီးဖြင့် ရောက်ရှိလာပြီး “ဒလန်တွေ” ဟု စွပ်စွဲပြောဆိုကာ နေအိမ်ခြံဝင်းအတွင်းမှ ဆွဲထုတ်၍ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတို့နှစ်ဦးတွင် ကျည်ထိမှန် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
သို့သော် အဆိုပါဖြစ်ရပ်တွင် မင်းတုန်း ပကဖ USBA ၏ သတ်ဖြတ်ခံရသူအမျိုးသမီးနှစ်ဦးမှာ မင်းတုန်း PDF များကို ပြန်မကြိုက်သဖြင့် ဒလန်စွပ်စွဲကာ သတ်ဖြတ်လိုက်ကြခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသလို ဒေသတွင်း သတင်းထောက်တစ်ဦးကလည်း “မင်းတုန်းမြို ထညောင့်တင်ရွာဘက်မှာ အပြစ်မဲ့အမျိုးသမီး ၂ ဦးအား သမီးရည်းစားကိစ္စ မကျေနပ်၍ ဇွန် ၂၉ ရက်နေ့တွင် မင်းတုန်း ပကဖ (USBA ) အဖွဲ့ဝင် ၆ ဦး လာရောက်၍ စကားများကာ ပစ်သတ်ခဲ့ကြောင်း သိရှိရပါသည်။ ၎င်းကိစ္စ နှင့်ပတ်သက်၍ မင်းတုန်း အခြေစိုက် PDF တပ်ရင်း(၄) အား စုံစမ်းစိစစ်ပေးရန် မင်းတုန်းပြည်သူတွေကိုယ်စား မေတ္တာရပ်ခံပါတယ်ခင်ဗျာ။”ဟု မင်းတုန်းပြည်သူ ၃၂၀၀၀ ကျော်ရှိသော မင်းတုန်း သတင်းစုံ Group အတွင်း တောင်းဆိုထားသည်ကို တွေ့ရှိရသည်။
မင်းတုန်း ပကဖ အဖွဲ့ဖြစ်သော USBA ကို ကိုဗဟိန်းအမည်ခံ CDM ကျောင်းဆရာ ပိုင်ဖြိုး(ခ) ဖြိုးသူကျော်က ဦးဆောင်နေသည်။ ပိုင်ဖြိုး(ခ) ဖြိုးသူကျော်သည် ရေစကြိုမြို့နယ်၊ အထက (ဖူလုံ) မှ CDM လုပ်ကာ KIA ထံ စစ်သင်တန်းတက်ပြီး ရေစကြိုမြိုနယ်အခြေပြု၊ ပခုက္ကူခရိုင် PDF တပ်ရင်း (၃)တွင် ဒုတပ်ရင်းမှူးအဆင့်မှ ခွဲထွက်ကာ ၂၀၂၄ ခုနှစ်မှ စတင်ပြီး မင်းတုန်းမြို့နယ် ပကဖအဖွဲ့အဖြစ် လူ ၃၀ ခန့်ဖြင့် လှုပ်ရှားနေရင်း မင်းလှ/ မင်းတုန်းမြိုနယ် အတွင်းရှိ ရပ်/ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ပြည်ခိုင်ဖြိုးပါတီဝင်များ၊ ဝန်ထမ်းများ၊ ၎င်းတို့အား မထောက်ခံသည့် အရပ်သားများ၊ စုစုပေါင်း လူ ၃၀ ခန့်အား ဒလန်ဟု စွပ်စွဲဖမ်းဆီးသတ်ဖြတ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
မင်းတုန်းမြို့နယ်၊ ထညောင့်တင်ကျေးရွာနေ ဒေါ်စန္ဒာဝင်း(၂၈)နှစ်နှင့် ၎င်း၏ညီမဖြစ်သူ မချောရတနာ(၁၈)နှစ်တို့ နှစ်ဦးကို မင်းတုန်း PDF များအား ပြန်မကြိုက်မှုဖြင့် မင်းတုန်း ပကဖ (USBA )အဖွဲ့မှ PDF ၆ ဦးက ပစ်သတ်သည့်အပေါ် MT News က ကိုဗဟိန်း (ခ) ပိုင်ဖြိုး(ခ) ဖြိုးသူကျော်နှင့် USBA အဖွဲ့ကို ဆက်သွယ်မေးမြန်းထားပြီး ဖြေဆိုလာပါက ဆက်လက်ဖော်ပြပေးမည်ဖြစ်သည်။


