
၂၉. ၆. ၂၀၂၅
Written by Nay Moe
ပုလောမြို့နယ်၊ ကျောက္ကာရွာပြည်သူ့စစ်စခန်းကို ပုလော PDF အဖွဲ့က စီးနင်းတိုက်ခိုက်မှုအတွင်း ပြည်သူ့စစ်နှစ်ဦးနှင့် အရပ်သားတစ်ဦးသေဆုံးခဲ့ပြီး ကျေးရွာနေ ပြည်သူ သုံးဦးအား အကြောင်းမဲ့ ဖမ်းဆီးခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

ဖြစ်စဥ်မှာ ၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၇ ရက် နံနက် ၅ နာရီတွင် တနင်္သာရီတိုင်း ဒေသကြီး၊ ပုလောမြို့နယ်၊ ကျောက္ကာကျေးရွာသို့ ပုလော PDF အဖွဲ့ (အင်အားစိစစ်ဆဲ)က လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ကျေးရွာလုံခြုံရေး ဆောင်ရွက်နေသည့် ပြည်သူ့စစ်အဖွဲ့ဝင်များက ပြန်လည်ခုခံပစ်ခတ်ခဲ့ရာ ပုလော PDF များ ပြန်လည်ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။

ဖြစ်စဥ်အတွင်း ပြည်သူ့စစ်အဖွဲ့ဝင်များဖြစ်သည့် ဦးမောင်မောင်(စိစစ်ဆဲ)နှင့် ဦးနိုင်နိုင်(ခ)ဦးလှနိုင်၊ အဆိုပါကျေးရွာနေ ဦးရွှေမြင့်(၆၈)နှစ်တို့ သုံးဦးတွင် ကျည်ထိမှန် ဒဏ်ရာများဖြင့် သေဆုံးခဲ့ပြီး ဦးဝင်းလှိုင်(၅၁)နှစ်၊ ဦးမင်းဦး(စိစစ်ဆဲ)နှင့် ဒေါ်မီမီကျော်(၃၈)နှစ်တို့ သုံးဦးအား ပုလော PDF အဖွဲ့ပြန်လည်ဆုတ်ခွာစဉ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။
ထိုဖြစ်စဥ်ကို ကျူးလွန်သည့် ပုလော PDF များက ထုတ်ပြန်ရာတွင် ကျောက္ကာရွာကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်အမှတ် (၁) တပ်ရင်း၊ ကရင်အမျိုးသားကာကွယ်ရေးတပ် (KNDO) တပ်ရင်း (၇) မဟာမိတ်တပ်ပေါင်းစုက ဝင်ရောက်စီးနင်းခဲ့ကြောင်းနှင့် စီးနင်းမှုသည် (၁၅) မိနစ်ခန့်သာ ကြာမြင့်ခဲ့ပြီး အဆိုပါ စစ်ဆင်ရေး အတွင်း အလောင်း (၃) လောင်း၊ M16A1 ရိုင်ဖယ် (၄) လက်၊ ၎င်းကျည်ဘောက် (၂) ခု၊ AK-47 ရိုင်ဖယ် (၁) လက်၊ ၎င်း ကျည်ဘောက် (၄) ခု၊ (၅.၅၆) ကျည် (၁ဝဝဝ) တောင့်၊ (၇.၆၂) ကျည် (၁၃၈) တောင့်၊ လက်ပစ်ဗုံး (၂) လုံး နှင့် အခြား စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရမိခဲ့သည်ဟု ဝန်ခံထားသည်။
ပုံစာ။ ကျောက္ကာရွာကို ဝင်ရောက်စီးနင်းခဲ့သော ပုလော PDF များ မြင်ကွင်း။
