◾️ ဘူရားတီးယားပြည်နယ်အပါအဝင် ရုရှားနိုင်ငံနှင့် စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ ကုန်သွယ်ရေး ကဏ္ဍအသီးသီးတွင် ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမည်ဟု SAC ဥက္ကဋ္ဌ ပြောကြား

၂၈. ၆. ၂၀၂၅
Written by Nyein Kyaw
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဘူရားတီးယားပြည်နယ်သို့ တရားဝင်ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC)ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ ဦးဆောင်သော မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အား ယနေ့ ညနေပိုင်းတွင် ဘူရားတီးယားပြည်နယ်၊ ပြည်နယ် အကြီးအကဲ H.E.Mr. Alexey Sambuevich Tsydenov က ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံသည်။
ထို့နောက် ညစာစားပွဲကို စတင်ကျင်းပပြုလုပ်ရာ ဘူရားတီးယားပြည်နယ်၊ ပြည်နယ် အကြီးအကဲက နှုတ်ခွန်းဆက်စကားပြောကြားရာတွင် အဆွေတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့အား ဘူရားတီးယားပြည်နယ်မှ လှိုက်လှဲနွေးထွေးစွာကြိုဆိုပါကြောင်း၊ မိမိတို့အနေဖြင့် နေရာဒေသချင်း အလှမ်းကွာဝေးသော်လည်း ရင်ဘတ်ချင်းနီးကြကြောင်း၊ ကိုးကွယ်ရာဘာသာတရားချင်းလည်း တူညီမှုရှိကြပြီး အခြေခံဘာသာတရား တူညီနီးစပ်မှုမှအစပြု၍ လူမှုရေး၊ စီးပွားရေးဆိုင်ရာတို့တွင် ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုကဲ့သို့ မိမိတို့ ဘူရားတီးယားပြည်နယ်သို့ လာရောက်မှုအတွက် များစွာဂုဏ်ယူဝမ်းမြောက်မိကြောင်း ပြောကြားသည်။
ယင်းနောက် SAC ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နှုတ်ခွန်းဆက်စကား ပြန်လည်ပြောကြားရာတွင် မိမိအနေဖြင့် ဘူရားတီးယားပြည်နယ်သို့ တတိယအကြိမ်မြောက် ရောက်ရှိခြင်းဖြစ်ပြီး သာယာလှပသည့် ဘူရားတီးယားပြည်နယ်သို့ ရောက်ရှိသည့်အချိန်တိုင်း စိတ်ချမ်းသာမိကြောင်း၊ ဗုဒ္ဓဘာသာကို အများစုကိုးကွယ်သည့် ပြည်နယ်ဖြစ်ပြီး မိမိတို့နိုင်ငံနှင့် စိတ်သဘောထားချင်း ပိုမိုတိုက်ဆိုင်မှုရှိကြောင်း၊ ဘာသာရေးဆိုင်ရာ ကူးလူးဆက်ဆံ ဆောင်ရွက်မှုအနေဖြင့် ၂၀၁၅ ခုနှစ်ကတည်းက စတင်ခဲ့ခြင်းဖြစ်ပြီး ဆယ်စုနှစ်တစ်ခုနီးပါးရှိပြီဖြစ်ကြောင်း ပြောကြားသည်။

ဘာသာရေးဆိုင်ရာ ဆက်ဆံဆောင်ရွက်မှုများအပြင် သိပ္ပံနှင့် နည်းပညာဆိုင်ရာ၊ စက်မှုနည်းပညာဆိုင်ရာနှင့် အခြားနယ်ပယ်ပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုများကို ဆောင်ရွက်လျက်ရှိပြီး ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်များကို တိုးမြှင့်ဆောင်ရွက်သွားနိုင်မည်ဟု ယုံကြည်ကြောင်း၊ အဆွေတော်တို့ ဘူရားတီးယားပြည်နယ်အပါအဝင် ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့်အတူ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ ကုန်သွယ်ရေး အစရှိသည့် နယ်ပယ်ကဏ္ဍအသီးသီးတွင် ဆက်လက်၍ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အဆွေတော် ဘူရားတီးယားပြည်နယ်၊ ပြည်နယ်အကြီးအကဲနှင့် ပြည်နယ်သူ၊ ပြည်နယ်သားများအားလုံး ကျန်းမာချမ်းသာ၍ အဆင်ပြေချောမွေ့ပါစေကြောင်းကို ဆုမွန်ကောင်းတောင်းပါကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
ထို့နောက် SAC ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် ဘူရားတီးယားပြည်နယ်၊ ပြည်နယ်အကြီးအကဲနှင့် တာဝန်ရှိသူများနှင့်အတူ ညစာကို အတူတကွ သုံးဆောင်ကြပြီး ညစာသုံးဆောင်နေစဉ်အတွင်း ဘူရားတီးယားပြည်နယ်၊ အမျိုးသားကဇာတ်ရုံမှ ရိုးရာအကအလှအဖွဲ့များက တေးသံသာများ၊ အကအလှများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြကြောင်း သိရသည်။
