၂၈. ၆. ၂၀၂၅
Written by Nyein Kyaw
ပြည်ပဈေးကွက်ချဲ့ထွင်နိုင်ရေး၊ ဝန်ဆောင်မှုပိုမိုကောင်းမွန်စေရေးတို့အတွက် ပြည်တွင်း MSME လုပ်ငန်းများ ဒစ်ဂျစ်တယ်စနစ်ကို မဖြစ်မနေအသုံးပြုရန် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ယမန်နေ့က ပြုလုပ်သည့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများနေ့ ၂၀၂၅ (MSME Day 2025) အခမ်းအနားတွင် ပြောကြားသည်။
ယနေ့ခေတ်ကာလတွင် MSME များအနေဖြင့် ခေတ်နှင့်အညီ တိုးတက်ပြောင်းလဲနေသည့် စီးပွားရေးပတ်ဝန်းကျင်တွင် ရှင်သန်ရပ်တည်နိုင်ရန်အတွက် ဒစ်ဂျစ်တယ်စနစ်ကို မဖြစ်မနေအသုံးပြုရန်လိုအပ်ကြောင်း၊ ဒစ်ဂျစ်တယ်စနစ်သည် လုပ်ငန်းဆောင်ရွက်မှု စွမ်းဆောင်ရည်ကို မြှင့်တင်ပေးခြင်း၊ ပြည်တွင်း၊ ပြည်ပဈေးကွက်ချဲ့ထွင်နိုင်ခြင်း၊ ဖောက်သည်ဝန်ဆောင်မှု ပိုမိုကောင်းမွန်လာခြင်းနှင့် ယှဉ်ပြိုင်နိုင်စွမ်းတိုးမြှင့်ပေးခြင်းအစရှိသည့် အကျိုးကျေးဇူးများစွာကို ရရှိစေနိုင်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
ထို့အတူ ဘဏ္ဍာရေးအထောက်အပံ့၊ စျေးကွက်ရှာဖွေရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် အစပြုလုပ်ငန်းများ ပေါ်ထွန်းလာရေးတို့သည် MSME များ ရေရှည်တည်တံ့စွာ ဖွံ့ဖြိုးတိုးတက်ရန်အတွက် အရေးကြီးသည့် ကဏ္ဍများပင်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
MSME များသည် ရင်းနှီးမြှုပ်နှံမှုအတွက် အရင်းအနှီးလိုအပ်ချက်အမြဲရှိနေခြင်းကြောင့် ချေးငွေများ၊ အာမခံများ၊ အသေးစားချေးငွေစနစ်များနှင့် အခြားသောဘဏ္ဍာရေး ဝန်ဆောင်မှုများကို လွယ်ကူချောမွေ့စွာရရှိနိုင်ရေး ပံ့ပိုးကူညီပေးနိုင်ရန် အရေးကြီးကြောင်း၊ ဘဏ္ဍာရေးအထောက်အပံ့ကောင်းမွန်မှသာ လုပ်ငန်းများ တိုးချဲ့နိုင်မည်ဖြစ်ပြီး စီးပွားရေးတိုးတက်မှုကို အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
နိုင်ငံတော်အနေဖြင့်လည်း ယခုလေးနှစ်တာကာလအတွင်း MSME များ တိုးတက်အောင်မြင်စေရေး အထူးအားပေးဆောင်ရွက်ပေးလျက်ရှိသည့်အတွက် လုပ်ငန်းရှင်များအနေဖြင့် မိမိတို့လုပ်ငန်းတစ်ခုချင်းစီအလိုက် တိုးတက်အောင်မြင်စေရေး ကြိုးစားဆောင်ရွက်ကြရန်လိုကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
မြန်မာနိုင်ငံ၏ စီးပွားရေးလုပ်ငန်းများ၏ ၉၀ ရာခိုင်နှုန်းကျော်သည် MSME လုပ်ငန်းများဖြစ်ပြီး အဆိုပါလုပ်ငန်းများမှ အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးနိုင်မှုတွင်လည်း ၆၀ မှ ၇၀ ရာခိုင်နှုန်းထိရှိကြောင်း သိရသည်။
