၂၇. ၆. ၂၀၂၅
Written by Nay Moe
အရင် NLD အစိုးရဟောင်းလက်ထက်က မန္တလေးတိုင်း လွှတ်တော်ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ပေမဲ့ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅-ကအတွက် ထောင် ၃ နှစ်နဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပေဒပုဒ်မ – ၂၅ အရ ထောင် ၂ နှစ်၊ စုစုပေါင်း ထောင် ၅ နှစ် ကျခံနေရသူ ဦးအောင်ကျော်ဦးဟာ ဒီနေ့ ဇွန်လ ၂၇ ရက် မနက် ၉ နာရီဝန်းကျင်မှာ အိုးဘိုထောင်၊ ထောင်ဆေးရုံမှာ အမောဖောက်သေဆုံးသွားတယ်လို့ ဖျက်သိမ်းခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီနဲ့ နီးစပ်သူတွေထံက သိရပါတယ်။
“မန္တလေးတိုင်း လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ဦး အိုးဘိုထောင်ဆေးရုံတွင် ယနေ့ နံနက်က ကျဆုံးသွားပါပြီ”လို့ ဖျက်သိမ်းခံ NLD ရဲ့ မန္တလေး တိုင်းအမတ်ဟောင်း ဦးဝိုင်းချစ်အောင်က လူမှုကွန်ရက်မှာ ဖော်ပြလာပါတယ်။
ဦးအောင်ကျော်ဦးဟာ အကောင်းပကတိကနေ ဒီ မနက် ၇ နာရီခန့်မှာ ရုတ်တရက် နှလုံးအမောဖောက်လာပြီး ထောင်ဆေးရုံပို့ပေမဲ့ နာရီပိုင်းအကြာ သေဆုံးခဲ့တာလို့ ကနဦးသတင်းတွေအရ သိရပါသေးတယ်။
ဦးအောင်ကျော်ဦးဟာ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ NLD ပါတီကို ကိုယ်စားပြုပြီး မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ တိုင်းလွှတ်တော်ကိုယ်စားလှယ်အဖြစ် အနိုင်ရခဲ့ပြီး မန္တလေးတိုင်းလွှတ်တော်ဥက္ကဋ္ဌအဖြစ် တင်မြှောက်ခံခဲ့ရသလို မဲခိုးမှုကြောင့် ဖျက်သိမ်းခံ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာလည်း ထပ်မံအနိုင်ရခဲ့ပါသေးတယ်။
တရားလွှတ်တော်ရှေ့နေတစ်ဦးလည်းဖြစ်တဲ့ ဦးအောင်ကျော်ဦးဟာ သေဆုံးချိန်မှာ အသက် ၆၉ နှစ်ရှိပြီဖြစ်ပြီး မကြာခင်ရက်ပိုင်းမှာ လွတ်ရက်စေ့တော့မယ့်သူလည်းဖြစ်ပါတယ်။
မနှစ်က ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၇ ရက်ကလည်း ဖျက်သိမ်းခံ NLD ပါတီ ဒုတိယဥက္ကဋ္ဌနဲ့ မန္တလေးတိုင်းဝန်ကြီးချုပ်ဟောင်းဖြစ်ပြီး အဂတိမှုများစွာနဲ့ ထောင်ဒဏ် ၂၉ နှစ်ချမှတ်ခံရတဲ့ သွေးကင်ဆာဝေဒနာသည် ဒေါက်တာဇော်မြင့်မောင်လည်း ထောင်က လွတ်ငြိမ်းနဲ့ လွတ်မြောက်ပြီး ရက်ပိုင်းအတွင်းမှာ ၂၀၁၉ ခုနှစ်ကတည်းက စွဲကပ်နေတဲ့ သွေးကင်ဆာရောဂါနဲ့ သေဆုံးခဲ့ပါသေးတယ်။
