၃၀. ၁. ၂၀၂၃
Written by Nay Aung

၂၀၂၃ ခုနှစ်တွင် အာဆီယံဥက္ကဋ္ဌအဖြစ်တာဝန်ယူချိန်အတွင်း အင်ဒိုနိးရှားနိုင်ငံသည် အာဆီယံအစည်းအဝေးတိုင်းကို မြန်မာကိုယ်စားပြုအဖြစ် နစက တာဝန်ရှိသူများကို ဖိတ်ကြားမည်မဟုတ်ကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးရက်နိုမာဆူဒီက ထုတ်ဖော်ပြောဆိုလိုက်သည်။

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက အင်ဒိုနီးရှားနိုင်ငံသည် မြန်မာကိုယ်စားပြုအဖြစ် နိုင်ငံရေးနှင့်မပတ်သတ်သောသူကိုသာဖိတ်ကြားသွားဖွယ်ရှိနေကြောင်း ထပ်မံပြောဆိုခဲ့သည်။

၎င်းက “အာဆီယံအစည်းအဝေးတိုင်းမှာ မြန်မာကိုယ်စားပြုအဖြစ် နိုင်ငံရေးနဲ့မပတ်သက်သောသူကိုသာ ဖိတ်ကြားမှာပါ” ဟု ဇန်နဝါရီ ၂၉ ရက်က ကျင်းပခဲ့သော 2023 ASEAN Indonesia Chair Kick Off ပွဲအပြီးတွင် ထုတ်ဖော်ပြောဆိုခဲ့ကြောင်း အင်ဒိုနီးရှားမီဒီယာများကဖော်ပြသည်။

အင်ဒိုနီးရှားနိုင်ငံအနေဖြင့် နစကကို အာဆီယံသဘောတူညီချက်ငါးချက်ကို အကောင်ထည်ဖော်စေလိုကြောင်း၊ မြန်မာနိုင်ငံ အခက်အခဲကိုဖြေရှင်းနိုင်အောင် ကူညီပေးရန်အတွက် အာဆီယံသဘောတူညီချက်ငါးချက်အကောင်ထည်ဖော်ရေးက အဓိကပလက်ဖောင်းဖြစ်လျက်ရှိနေကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးကပြောသည်။

သို့သော်လည်း မြန်မာနိုင်ငံရေးပြသာနာကိုဖြေရှင်းနိုင်ရေးက မြန်မာပြည်သူများကိုယ်တိုင်လုပ်ဆောင်ရန် အဓိကအရေးအကြီးဆုံးအရာဖြစ်ကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးကပြောသည်။

ဝန်ကြီး ရက်နိုမာဆူဒီက ” အာဆီယံဟာ မြန်မာပြည်သူတွေကို ကူညီပေးလိုတယ်။ မြန်မာနိုင်ငံဟာအချုပ်အခြာ အာဏာပိုင်နိုင်ငံဖြစ်တယ်။ ဒါကြောင့် အာဆီယံအဖွဲ့ဟာ မြန်မာ့နိုင်ငံရေးအခက်အခဲကို ဖြေရှင်းနိုင်အောင်ဖြေရှင်းနိုင်အောင်ကူညီပေးဖို့ အဆင့်သင့်ရှိပါတယ်။ မြန်မာ့နိုင်ငံရေးသမိုင်းက အလွန်ခက်ခဲရှုပ်ထွေးတယ်။ ဒါပေမယ့် မိသားစုအနေနဲ့ ကူညီပေးဖို့အဆင့်သင့်ရှိပါတယ်။” ဟုဆိုသည်။

အင်ဒိုနီးရှားသည် လာမည့်ဖေဖော်ဝါရီ ၃ ရက်နှင့် ၄ ရက်နေ့တို့တွင် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို အိမ်ရှင်အဖြစ် ယခုနှစ်အတွင်း ပထမဆုံးအကြိမ်လက်ခံကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။

အင်ဒိုနီးရှားနိုင်ငံအနေဖြင့် မြန်မာ့နိုင်ငံရေးအကျပ်အတည်း ဖြေရှင်းဆောင်ရွက်ရာတွင် အာဆီယံသဘောတူညီချက်ငါးချက်အတိုင်းသာ ဆက်လက်အာရုံစိုက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း အင်ဒိုနီးရှားသမ္မတဂျိုကိုဝီဒိုဒိုက ပြောသည်။

ref- tribunnews.com

Leave a Reply

Your email address will not be published. Required fields are marked *