
၂၆. ၆. ၂၀၂၅
Written by Nyein Kyaw
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဘယ်လာရုစ်သမ္မတနိုင်ငံ၊ မင့်စ်မြိုရှိ Minsk International Exhibition Center BELEXPO ၌ ဇွန် ၂၆ ရက် (ယနေ့) ဒေသစံတော်ချိန် ညနေပိုင်းတွင် ကျင်းပသည့် စတုတ္ထအကြိမ် ဥရောပ-အာရှ စီးပွားရေးဖိုရမ် (EEF 2025)၏ မျက်နှာစုံညီအစည်းအဝေးသို့ တက်ရောက်ခဲ့သည်။

အခမ်းအနား တက်ရောက်ရန် Minsk International Exhibition Center BELEXPO သို့ ရောက်ရှိလာကြသည့် SAC ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ရုရှားနိုင်ငံသမ္မတ ဗလာဒီမာပူတင်နှင့် အဖွဲ့ဝင်နိုင်ငံ၊ မိတ်ဖက်နိုင်ငံအသီးသီးမှ နိုင်ငံ့အကြီးအကဲများအား ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတ H.E. Mr. Alexander Grigoryevich Lukashenko က ကြိုဆိုနှုတ်ဆက်ခဲ့သည်။

စတုတ္ထအကြိမ် ဥရောပ-အာရှ စီးပွားရေးဖိုရမ်(EEF 2025)ကို “ဥရောပ-အာရှ စီးပွားရေး ပေါင်းစည်းညီညွတ်ရေး မဟာဗျူဟာ-ရလာဒ်များနှင့် အလားအလာများ” (Strategy of the Eurasian Economic Integration: outcomes and prospects) ခေါင်းစဉ်ဖြင့် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးသို့ ဥရောပ-အာရှ စီးပွားရေးသမဂ္ဂအဖွဲ့ဝင် နိုင်ငံများမှ နိုင်ငံ့ခေါင်းဆောင်ကြီးများ၊ အဆင့်မြင့်အရာရှိကြီးများနှင့် အစိုးရကိုယ်စားလှယ်များ၊ ဥရောပ-အာရှစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုကို စိတ်ပါဝင်စားသည့် မိတ်ဖက်နိုင်ငံများမှ နိုင်ငံ့ခေါင်းဆောင်ကြီးများနှင့် အစိုးရကိုယ်စားလှယ်များ၊ အကြီးစား၊ အလတ်စားနှင့် အသေးစားစီးပွားရေး လုပ်ငန်းရှင်များ၊ နိုင်ငံတကာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များတက်ရောက်ကြသည်။

ဥရောပ-အာရှ စီးပွားရေးသမဂ္ဂအား အဖွဲ့ဝင်နိုင်ငံများအဖြစ် ရုရှား၊ ဘယ်လာရုစ်၊ အာမေးနီးယား၊ ကာဂျစ်စတန်နှင့် ကာဇက်စတန်နိုင်ငံတို့ဖြင့် ဖွဲ့စည်းထားပြီး လေ့လာသူနိုင်ငံများအဖြစ် ကျူးဘား၊ အီရန်၊ ဥဇဘက်ကစ္စတန်နှင့် မော်လ်ဒိုဗာနိုင်ငံတို့ပါဝင်ကြသည်။
ဥရောပ-အာရှစီးပွားရေးဖိုရမ်အား ၂၀၂၂ ခုနှစ်မှစတင်ပြီး ဥရောပ-အာရှ စီးပွားရေးသမဂ္ဂ၏ အဖွဲ့ဝင်နိုင်ငံများက အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူ ကြီးမှူးကျင်းပခဲ့ခြင်းဖြစ်သည်။ ယခု စတုတ္ထအကြိမ်မြောက် (EEF 2025) အား ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတက အလှည့်ဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီး ဘယ်လာရုစ်နိုင်ငံတွင် ကျင်းပခြင်းဖြစ်သည်။

ဥရောပ-အာရှစီးပွားရေးဖိုရမ် အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူကျင်းခဲ့မှုမှာ ၂၀၂၂ ခုနှစ်တွင် ပထမအကြိမ်အဖြစ် ကာဂျစ်စတန်နိုင်ငံ၊ ၂၀၂၃ ခုနှစ်တွင် ဒုတိယအကြိမ်အဖြစ် ရုရှားနိုင်ငံနှင့် ၂၀၂၄ ခုနှစ်တွင် တတိယအကြိမ်အဖြစ် အာမေးနီးယားနိုင်ငံတွင် ကျင်းပခဲ့ခြင်းဖြစ်သည်။
