
၂၆. ၆. ၂၀၂၅
Translated by Thettant
အာဖရိကအလယ်ပိုင်းရှိ ကုန်းတွင်းပိတ်နိုင်ငံတစ်ခု ဖြစ်သော ဗဟိုအာဖရိကသမ္မတနိုင်ငံ (Central African Republic – CAR) တွင် အထက်တန်းစာမေးပွဲဖြေဆိုနေသည့် ကလေးငယ် ၂၉ ဦး၏ အနီးအနားတွင် ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုတစ်ခုကြောင့် ထိတ်လန့်တုန်လှုပ်ပြီး လူစုလူဝေးဖြင့် အုတ်အော်သောင်းနင်း ထွက်ပြေးခုန်ချရာမှ လူပိမိမှုဖြစ်ပွားကာ နင်းမိသေဆုံးခဲ့မှုများဖြစ်ပွားခဲ့သည်။

ယမန်နေ့ ဇွန်လ ၂၅ ဗုဒ္ဓဟူးနေ့က ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုမှာ အထက်တန်းနောက်ဆုံးနှစ် စာမေးပွဲ ဒုတိယနေ့၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ထို ပေါက်ကွဲမှုမှာ လျှပ်စစ်ဓာတ်အား ထရန်စဖော်မာတစ်ခုတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဘန်ဂွီမြို့နယ်ဆေးရုံမှ Abel Assaye က ပြောကြားခဲ့သည်။

ဒေသတွင်း ရေဒီယိုဌာန Ndeke Luka နှင့် ဒေသတွင်း သတင်းများက ဖော်ပြခဲ့သည်မှာ မြို့တော် ဘန်ဂွီရှိ Lycée Barthélémy Boganda စာမေးပွဲစင်တာတွင် တက္ကသိုလ်ဝင်အထက်တန်းစာမေးပွဲ ဖြေဆိုနေသော ကျောင်းသား ၆,၀၀၀ နီးပါးအကြား “ပေါက်ကွဲသံနှင့် မီးခိုးများ” ပေါင်းစပ်မှုက စိုးရိမ်ထိတ်လန့်မှုကို ဖြစ်စေခဲ့ရာမှ ကျောင်းသားများ မူးမေ့လဲခြင်း၊ ကျောင်းဆောင်များပေါ်မှ ခုန်ချခြင်းနှင့် ဘေးလွတ်ရာအလန့်တကြားထွက်ပြေးခြင်းများက ထိုသို့ ကျောင်းသားအများအပြား သေဆုံးခဲ့ရခြင်းဖြစ်စဥ်ကို ဖြစ်ပွားစေခဲ့ကြောင်း သိရသည်။

ဗဟိုအာဖရိကသမ္မတနိုင်ငံ၏ သမ္မတ Faustin-Archange Touadéra က နိုင်ငံတော်အဆင့်
ဝမ်းနည်းခြင်း ကာလအဖြစ် ယနေ့မှစ သုံးရက်တာကာလကို သတ်မှတ်သည်ဟု ယနေ့ ကြေညာခဲ့သည်။ ထို့အပြင် လူစုလူဝေးအတွင်း ထိခိုက်ဒဏ်ရာရရှိခဲ့သူ ၂၈၀ ကျော်ကို ဆေးရုံတွင် အခမဲ့ကုသမှုပေးရန်လည်း ၎င်းက အမိန့်ပေးခဲ့သည်။

ဗဟိုအာဖရိကသမ္မတနိုင်ငံ (CAR) သည် နိုင်ငံရေး မတည်ငြိမ်မှုများနှင့် လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများကို ဆက်လက်ရင်ဆိုင်နေရဆဲဖြစ်သည်။ ရုရှားနိုင်ငံမှ ကြေးစားစစ်သားများကို ကျောထောက်နောက်ခံပြုထားသော အစိုးရတပ်များသည် လက်ရှိ Faustin-Archange Touadéra အစိုးရကို ဖြုတ်ချရန် ခြိမ်းခြောက်နေသည့် လက်နက်ကိုင်အဖွဲ့များနှင့် တိုက်ခိုက်နေကြသည်။
Ref, BBC
