◾️ ဘယ်လာရုစ်နိုင်ငံထုတ် ဆေးနှင့်ဆေးပစ္စည်းများအား မြန်မာနိုင်ငံတွင် အသုံးပြုသွားနိုင်မည့် အခြေအနေများအတွက် SAC ဥက္ကဋ္ဌနှင့် ဘယ်လာရုစ်နိုင်ငံ ကျန်းမာရေးဝန်ကြီးတို့ ဆွေးနွေး

၂၆. ၆. ၂၀၂၅
Written by Nyein Kyaw
ဘယ်လာရုစ်သမ္မတနိုင်ငံသို့ ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ နံနက်ပိုင်းတွင် မင့်စ်မြို့ရှိ Belmedpreparaty ဆေးဝါးစက်ရုံသို့ သွားရောက်လေ့လာခဲ့ကြောင်း SAC သတင်းထုတ်ပြန်ရေးအဖွဲ့မှ ထုတ်ပြန်ထားသည်။
SAC ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် Belmedpreparaty ဆေးဝါးစက်ရုံသို့ ရောက်ရှိကြရာ ဘယ်လာရုစ်သမ္မတနိုင်ငံ၊ ကျန်းမာရေးဝန်ကြီးဌာနဝန်ကြီး Mr. Aliaksandr Khajayeu နှင့် စက်ရုံမှတာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ခဲ့ပြီးနောက် စက်ရုံရှေ့တွင် ပြသထားသည့် ဆေးကုသရေး အထောက်အကူပြု မော်တော်ယာဉ်များအား လိုက်လံကြည့်ရှုလေ့လာကြပြီး ရှင်းလင်းတင်ပြမှုများအပေါ် သိရှိလိုသည်များ ပြန်လည်မေးမြန်း ဆွေးနွေးခဲ့ကြသည်။

ထို့နောက် ဘယ်လာရုစ်နိုင်ငံမှ ထုတ်လုပ်ထားသည့် ဆေးဝါးများပြခန်း၊ ဆေးကုသမှုများ ဆောင်ရွက်ရာတွင် အသုံးပြုသည့် စက်ကိရိယာများပြခန်းတို့အတွင်း ခင်းကျင်းပြသထားရှိမှုများအား ကြည့်ရှုလေ့လာကြပြီး ရှင်းလင်းတင်ပြမှုများအပေါ် သိရှိလိုသည်များ SAC ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ပြန်လည်မေးမြန်းဆွေးနွေးကြသည်။
ယင်းနောက် SAC ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဘယ်လာရုစ်သမ္မတနိုင်ငံ၊ ကျန်းမာရေးဝန်ကြီးဌာနဝန်ကြီးနှင့် အဖွဲ့ဝင်များသည် ဆေးဝါးစက်ရုံ အစည်းအဝေးခန်းမအတွင်း တွေ့ဆုံ၍ နှစ်နိုင်ငံအကြား ကျန်းမာရေးကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့်အခြေအနေများ၊ ဘယ်လာရုစ်နိုင်ငံမှ ထုတ်လုပ်သည့် ဆေးနှင့်ဆေးပစ္စည်းဆိုင်ရာများအား မြန်မာနိုင်ငံကျန်းမာရေးကဏ္ဍတွင် အသုံးပြုသွားနိုင်မည့်အခြေအနေများ၊ Belmedpreparaty ဆေးဝါးစက်ရုံမှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံမှ ကျန်းမာရေးဆိုင်ရာတာဝန်ရှိသူတို့ အသေးစိတ် ဆက်လက်ဆွေးနွေးဆောင်ရွက်သွားမည့် အခြေအနေများနှင့် ပတ်သက်၍ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

၎င်းနောက် SAC ဥက္ကဋ္ဌနှင့် ဘယ်လာရုစ်သမ္မတနိုင်ငံ၊ ကျန်းမာရေးဝန်ကြီးဌာနဝန်ကြီးတို့သည် လက်ဆောင်ပစ္စည်းများ အပြန်အလှန်လဲလှယ်ခဲ့ကြပြီးနောက် SAC ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် Belmedpreparaty ဆေးဝါးစက်ရုံအတွင်း လှည့်လည်၍ ဆေးဝါးထုတ်လုပ်နေမှု အဆင့်ဆင့်အား ကြည့်ရှုလေ့လာခဲ့ကြပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် သိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြသည်။
အဆိုပါ Belmedpreparaty ဆေးဝါးစက်ရုံသည် မင့်စ်မြို့တွင်တည်ရှိပြီး ဝန်ထမ်းပေါင်း ၂,၁၀၀ ကျော်ရှိသည့် ဘယ်လာရုစ်နိုင်ငံ၏ အကြီးဆုံးဆေးဝါးထုတ်လုပ်သည့် စက်ရုံတစ်ခုဖြစ်ကြောင်း သိရသည်။
