
၂၆.၆.၂၀၂၅
Written by Hey Mar
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့ကနေ မိခင်အိမ်ပြန်လာပြီး မီးလာဖွားတဲ့ မိခင်တစ်ဦးမှာ သားငယ်လေး မီးထွက်ချိန် သားအကြီးက ရေနစ်သေဆုံးခဲ့တဲ့ဖြစ်စဉ် ဇွန်လ ၂၅ ရက်နေ့ ညနေပိုင်းက ဖြစ်ပွားခဲ့ပြီး ကလေးရဲ့ ရုပ်အလောင်းကိုတော့ ဒီနေ့ ၂၆ ရက်နေ့ မနက်ပိုင်းမှာ သင်္ဂြိုဟ်ပြီးခဲ့ပြီလို့ သိရပါတယ်။
ဖြစ်စဉ်က ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ လှိုင်သာယာမြို့နယ်၊ ရခိုင်ရိုးကြီးကျေးရွာ တိုးချဲ့ရပ်ကွက်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ရေဝပ်နေတဲ့ခြံဝန်းအတွင်း ရေလွတ်ယုံ ဆောက်လုပ်ထားတဲ့ အိမ်ငယ်ရဲ့ ခနော်နီ ခနော်နဲ့ တံတားပေါ်ကနေ အသက်နှစ်နစ်အရွယ် သားငယ် ရေထဲပြုတ်ကျသေဆုံးခဲ့တာပါ။

ကလေးရဲ့ ရုပ်အလောင်းကို သွားရောက်သယ်ဆောင်ပေးခဲ့တဲ့ ယာဥ်မောင်းမိသားစုလူငယ်ပရဟိတလူမှုကူညီကယ်ဆယ်ရေး အသင်းမှ တာဝန်ရှိသူက ” အမေလုပ်သူ ရင်ကျိုးတာပေါ့။ သွေးနုသားနုနဲ့ ရူးသွားမှာတောင်ပူရတယ်။ နို့လည်း လည်သွားလောက်တယ်။ နို့မထွက်တော့မှာလည်း စိုးရိမ်ရတယ်။ ဖြစ်ပုံကလည်း ကလေးအငယ်လေး ဝေယျာဝစ္စလုပ်ရင်း အဘွားဖြစ်သူရော၊ အမေရော မျက်စိအောက်ကနေ အခုသေဆုံးတဲ့ သားကြီးက ခဏလေး ပျောက်သွားတာတဲ့။ ဆယ့်ငါးမိနစ်လောက်ပဲ ရှိမယ်ပေါ့။ အဲ့ဒီအချိန်လေးအတွင်း ဖြစ်သွားတာ” လို့ MT News က ဆက်သွယ်မေးမြန်းတာကို ပြန်လည်ဖြေကြားပါတယ်။

သေဆုံးသူ သားငယ်ရဲ့ မိဘဘိုးဘွားတွေက နွမ်းပါးသူတွေဖြစ်ကြပြီး ဖခင်က ကလောမှာ တောင်ယာ အငှားလုပ်နေတာမို့ ဇနီးဖြစ်သူ မီးဖွားဖို့အတွက် ယောက္ခမဖြစ်သူထံ သားနဲ့ ဇနီးကို လွှတ်လိုက်ကာ သူကတော့ လိုက်ပါလာနိုင်ခြင်း မရှိဘူးလို့လည်း သိရပါတယ်။ သားဖြစ်သူ သင်္ဂြိုဟ်တာကိုလည်း ဖခင်ဖြစ်သူလာရောက်ချိန်အထိ ရုပ်အလောင်းထားရှိဖို့ ငွေကြေး အဆင်မပြေလို့ မစောင့်ဆိုင်းတော့ဘဲ ချက်ချင်း သင်္ဂြိုဟ်လိုက်တာဖြစ်တယ်လို့လည်း သိရပါတယ်။
