
၂၆.၆.၂၀၂၅.
Translated by Htwe Ko Tun
တရုတ်ပြည်သူ့သမ္မတနိုင်ငံက ကျောထောက် နောက်ခံပြုထားတဲ့ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) ရဲ့အဖွဲ့ဝင်တွေရှေ့မှောက်မှာပဲ အိန္ဒိယနိုင်ငံက အဖွဲ့ရဲ့ပူးတွဲကြေညာချက်ဟာ ဧပြီလအတွင်းက အိန္ဒိယခရီးသွားတွေကို အကြမ်းဖက်တိုက်ခိုက်မှုကို ရည်ညွှန်းဖော်ပြတာမရှိလို့ ပါကစ္စတန်အား ထောက်ခံတဲ့ ကြေညာချက်သာ ဖြစ်တယ်လို့ပြောခဲ့ပြီး ဇွန်လ ၂၆ ရက်မှာ လက်မှတ်ထိုးဖို့ငြင်းဆိုခဲ့တဲ့အတွက် တရုတ်နိုင်ငံရဲ့ ဒေသဆိုင်ရာ ခေါင်းဆောင်မှု တိုးချဲ့ရေးကြိုးပမ်းချက်က အနှောင့်အယှက် ဖြစ်ခဲ့ရတယ်လို့ သိရပါတယ်။
အိန္ဒိယနိုင်ငံကာကွယ်ရေးဝန်ကြီး ရတ်ဂျ်နာ ဆင်း က ပူးတွဲကြေညာချက်ဟာ အကြမ်းဖက်တွေနဲ့ ဒေသတွင်းလုံခြုံရေးတို့အတွက် အိန္ဒိယရဲ့ ရပ်တည်ချက်ကို အားပျော့စေခဲ့တယ်လို့ ပြောခဲ့ပါတယ်။ ဒီကိစ္စနဲ့နီးစပ်သူတစ်ဦးက မီဒီယာတွေကို ပြောခွင့်မရှိတာကြောင့် အမည်မဖော်လိုသူတစ်ဦးအနေနဲ့ AP သတင်းဌာနကို ပြောခဲ့တယ်လို့ဆိုပါတယ်။

အိန္ဒိယနိုင်ငံက ထိန်းချုပ်တားတဲ့ ကက်ရှ်မီးယားပြည်နယ်အတွင်းမှာ ဧပြီ ၂၂ ရက်က သေနတ်သမားတွေက ဟိန္ဒူဘာသာဝင်အများစုဖြစ်တဲ့ ခရီးသွား ၂၆ ယောက်ကို သတ်ဖြတ်ခဲ့မှုမှာ ပါကစ္စတန်က သေနတ်သမားတွေကို ထောက်ခံကူညီနေတယ်လို့ အိန္ဒိယအစိုးရက စွပ်စွဲခဲ့ပြီး အကြမ်းဖက်တိုက်ခိုက်မှုတစ်ရပ်အဖြစ်လည်း ပြောခဲ့ပါတယ်။ဒါပေမယ့် ပါကစ္စတန်အစိုးရကတော့ စွပ်စွဲချက်ကို ငြင်းဆိုထားပါတယ်။
ကာကွယ်ရေးဝန်ကြီး ဆင်းက ပူးတွဲကြေညာချက်မှာ ကက်ရှ်မီးယား ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုကိုတေ့ာ ထည့်သွင်းဖော်ပြတာမရှိဘဲ ပါကစ္စတန်နိုင်ငံရဲ့ ဘလူးချိစတန်ပြည်နယ်ထဲက စစ်သွေးကြွလှုပ်ရှားမှုတွေကိုတော့ ထည့်သွင်းဖော်ပြခဲ့တယ်လို့ ပြောခဲ့ပါတယ်။ ပါကစ္စတန်အစိုးရကလည်း ဘလူးချိစတန်ပြည်နယ်က လွတ်လပ်ရေးလှုပ်ရှားမှုတွေကို အိန္ဒိယက ထောက်ခံကူညီနေတယ်လို့ အကြိမ်ကြိမ်စွပ်စွဲခဲ့ပြီး အိန္ဒိယအစိုးရကတော့ ငြင်းဆိုထားတာပါ။ ဒါကြောင့်လည်း ဆင်းက ပူးတွဲကြေညာချက်ဟာ ပါကစ္စတန်ရဲ့လေသံ၊ လိုလားချက်နဲ့တော့ လိုက်ဖက်ပါတယ်လို့ပြောခဲ့ပါသေးတယ်။

အမေရိကန်ရဲ့အာရှဒေသမှာ သြဇာလွှမ်းမိုးမှုကိုတုံ့ပြန်နိုင်ဖို့အတွက် တရုတ်နဲ့ရုရှားတို့ ပူးပေါင်းဖွဲ့စည်းထားတဲ့ SCO အဖွဲ့ရဲ့အဖွဲ့ဝင်နိုင်ငံတွေမှ ကာကွယ်ရေးဝန်ကြီးတွေ အစည်းအဝေးမှာ ခုလို ပူးတွဲကြေညာချက်ကို လက်မှတ်ထိုးပွဲကျင်းပခဲ့တာပါပဲ။ အစည်းအဝေးကို တရုတ်နိုင်ငံ အရှေ့ပိုင်းမှာရှိတဲ့တရုတ်ရဲ့ မြောက်ပိုင်းရေတပ်စုရှိရာ Qingdao မြို့မှာ ဇွန်လ ၂၆ ရက်က ကျင်းပခဲ့တာပါ။
ရုရှားနိုင်ငံအနေနဲ့ ယူကရိန်းနဲ့စစ်ဖြစ်နေရတဲ့အချိန်မှာ SCO အဖွဲ့ဝင်နိုင်ငံတွေအကြား စစ်ရေးလေ့ကျင့်မှုတွေနဲ့ ထိပ်သီးအစည်းအဝေးတွေကျင်းပဖို့အတွက် တရုတ်နိုင်ငံက ကြီးကြီးမားမားတာဝန်ယူထားတာပါ။ ကမ္ဘာတစ်ဝန်း လူသိနည်းသေးတယ်လို့ဆိုရပေမယ့် SCO အဖွဲ့ဟာ အိန္ဒိယနိုင်ငံလို အစဉ်အလာအရ ကြားနေတဲ့ဒေသတွေ ဒါမှမဟုတ် ရုရှားနဲ့ အနီးကပ်ဆက်စပ်နေတဲ့ အာရှအလယ်ပိုင်းဒေသတွေကို နိုင်ငံရေးနဲ့ စီးပွားရေးလက်လှမ်းမီမှုချဲ့ထွင်ဖို့ တရုတ်နိုင်ငံရဲ့ အဓိကလက်နက်တွေထဲက တစ်ခုလည်း ဖြစ်လာခဲ့ပါတယ်။

ဆင်းက ပါကစ္စတန်နိုင်ငံရဲ့အမည်ကိုတော့ဖော်ပြခဲ့ခြင်းမရှိပေမယ့် နယ်စပ်ဖြတ်ကျော်အကြမ်းဖက်ဝါဒကို မူဝါဒလက်နက်တစ်ခုအဖြစ်အသုံးချပြီး အကြမ်းဖက်သမားတွေကို ခိုလှုံခွင်ပေးထားတဲ့နိုင်ငံတွေကို SCO အနေနဲ့ ဝေဖန်သွားဖို့ တိုက်တွန်းခဲ့ပါတယ်။ သူက SCO အဖွဲ့ဝင်တွေအနေနဲ့ အကြမ်းဖက်ဝါဒကို အမြစ်ပြတ်ချေမှုန်းဖို့နဲ့ ဒီလိုလုပ်ဆောင်မှုတွေကိုကူ ညီဆောင်ရွက်သူတွေအတွက် တာဝန်ခံမှုရှိဖို့လည်း ပြောခဲ့ပါတယ်။
ဆင်းက အကြမ်းဖက်ဝါဒနဲ့ အစုလိုက်အပြုံလိုက် သေကျေ ပျက်စီးနိုင်တဲ့ လက်နက်တွေကို နိုင်ငံမဲ့အုပ်စုတွေနဲ့အကြမ်းဖက်အုပ်စုတွေလက်ထဲမှာ ပြန့်ပွားမှုတို့နဲ့အတူ ငြိမ်းချမ်းရေးနဲ့ သာယာဝပြောရေးက ယှဉ်တွဲရှိနေနိုင်မှာမဟုတ်ဘူးလို့ ပြောခဲ့တယ်လို့ အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တစ်ခုအရ သိရပါတယ်။
ဧပြီ ၂၂ ရက်သတ်ဖြတ်မှုက နျူကလီးယားလက်နက်ပိုင်ဆိုင်တဲ့ နိုင်ငံနှစ်ခုအကြား ဆယ်စုနှစ်တွေအတွင်း အဆိုးရွားဆုံးစစ်ရေးထိပ်တိုက်တွေ့မှုကို ဖြစ်စေခဲ့ပါတယ်။ နှစ်နိုင်ငံအကြား ရက်အတန်ကြာတိုက်ခိုက်ကြအပြီး အမေရိကန်ကကြားဝင်စေ့စပ်မှုအောက်မှာ နှစ်ဖက် အပစ်အခတ်ရပ်ခဲ့ကြတာပါ။

တရုတ်ကာကွယ်ရေးဝန်ကြီး Dong Jun ဟာ ဘယ်လာရုစ်၊ အီရန်၊ ပါကစ္စတန်၊ ကာဂျစ်ကစ္စတန်နဲ့ ရုရှားနိုင်ငံတို့က ကာကွယ်ရေးဝန်ကြီးတွေနဲ့ဇွန်လ ၂၅ ရက်မှာ တစ်ဦးချင်းတွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ အိန္ဒိယ၊ ကာဇက်စတန်၊ တာဂျစ်ကစ္စတန်၊ ဥဇဘက်ကစ္စတန် တို့ကလည်း အဖွဲ့ဝင်နိုင်ငံတွေဖြစ်ပါတယ်။
“တစ်ဖက်သတ်ဝါဒနဲ့ ပြည်တွင်းလုပ်ငန်းတွေကို ပြည်ပယှဉ်ပြိုင်မှုမှ အကာအကွယ်ပေးရေးဝါဒတို့တစ်ဟုန်ထိုးမြင့်တက်လာချိန်မှာ ဗိုလ်ကျစိုးမိုးတဲ့၊တင်စီးတဲ့၊ အနိုင်ကျင့်တဲ့ လုပ်ဆောင်မှုတွေဟာ နိုင်ငံတကာ စည်းမျဉ်းကို ဆိုးရွားစွာထိခိုက်စေပြီး ဒီအလေ့အထတွေဟာ မတည်မငြိမ်အခြေအနေနဲ့ထိခိုက်နစ်နာမှုတွေကိုဖြစ်စေမယ့် အကြီးမားဆုံး အကြောင်းရင်းမြစ်တွေဖြစ်လာတယ်” လို့ ဒုန်က အမေရိကန်နဲ့ သူရဲ့မဟာမိတ်တွေကို တိုက်ခိုက်ပြောကြားခဲ့ပါတယ်။
တရုတ်နဲ့ အိန္ဒိယတို့ဟာလည်း ဆယ်စုနှစ်တွေနဲ့ချီတဲ့နယ်စပ်အငြင်းပွားမှုတွေရှိခဲ့ပြီး တရုတ်က ပါကစ္စတန်ရဲ့ အနီးကပ်ဆုံးမဟာမိတ်နိုင်ငံတစ်နိုင်ငံဖြစ်လာခဲ့ပါတယ်။
Ref- AP
