
MT News
၂၆. ၆.၂၀၂၅
PDF များသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများ ထိခိုက်ဒဏ်ရာရရှိစေရန်နှင့် အကြောက်တရားများလွှမ်းမိုးစေရန် ရည်ရွယ်ချက်များဖြင့် ဖမ်းဆီး သတ်ဖြတ်ခြင်း၊ ရပ်ကွက်/ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များ၊ Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်းများနှင့် အများပြည်သူ သွားလာအသုံးပြုနေသည့် လမ်းများ ပေါ်၌ မိုင်းထောင်ထားခြင်း၊ ဖောက်ခွဲခြင်းများအား ဆင်ခြင်တုံတရားကင်းမဲ့စွာ ပြုလုပ်လျက်ရှိရာ ယခုလည်း တောင်သာမြို့နယ်၊ သီးကုန်းကျေးရွာအတွင်းသို့ PDF များက လက်နက်ကြီးဖြင့် အကြောင်းမဲ့ပစ်ခတ်မှုကြောင့် ကလေးငယ်နှစ်ဦးအပါအဝင် အပြစ်မဲ့ပြည်သူ သုံးဦးသေဆုံးကာ သုံးဦးဗုံးစထိမှန်ဒဏ်ရာရရှိခဲ့မှု ဖြစ်ပွားခဲ့ပြန်သည်။
ဖြစ်စဥ်မှာ ဇွန်လ ၂၅ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်ခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်၊ သီးကုန်းကျေးရွာအတွင်းသို့ PDF များက အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ လက်နက်ကြီးဖြင့် အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက် ခဲ့ရာ ကျေးရွာအတွင်းသို့ လက်နက်ကြီးဗုံးသီး တစ်လုံးကျရောက်ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် အဆိုပါကျေးရွာနေသူများဖြစ်ကြသည့် ဦးမျိုးညွန့် (၅၇)နှစ်၊ ဒေါ်မြင့်မြင့်ဝင်း (၅၅)နှစ်၊ မဂျူးကေသာ (၈)နှစ်တို့ သုံးဦး သေဆုံးခဲ့ရသည်။
ထို့အပြင် ကိုလှိုင်မျိုးကျော် (၂၃)နှစ်၊ ဒေါ်မာမာ(၃၄)နှစ်နှင့် မောင်ဖုန်းထက်မြတ် (၁)နှစ်တို့တွင် ဗုံးစထိမှန်ဒဏ်ရာများ အသီးသီးရရှိခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်တွင် PDF များ ပစ်ခတ်လိုက်သည့် လက်နက်ကြီး ဗုံးသီးကျရောက်ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူများအား မြင်းခြံခရိုင်ပြည်သူ့ဆေးရုံကြီး၌ ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးကာ လိုအပ်ချက်များအပေါ် ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ PDF များက အပြစ်မဲ့ အရပ်သားပြည်သူများ အေးချမ်းစွာ နေထိုင်လျက်ရှိသော ရပ်ကွက်/ ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများအား ဆင်ခြင်တုံတရားကင်းမဲ့စွာ ပြုလုပ်ခဲ့မှုများကြောင့် အပြစ်မဲ့ပြည်သူများ ထိခိုက်သေဆုံး၊ ဒဏ်ရာရရှိခဲ့မှုအပေါ် ဒေသခံပြည်သူများက လုံးဝလက်ခံ နိုင်ခြင်းမရှိဘဲ ဆန့်ကျင်ကန့်ကွက်လျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော လုံခြုံရေးလုပ်ငန်းများကို ပြည်သူလူထု နှင့်ပူးပေါင်းကာ တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း သတင်းရရှိသည်။
