
၂၆.၆.၂၀၂၅
Written by Hey Mar
လင်မယားချင်းစကားများရန်ဖြစ်ပြီး နေအိမ်က ဆင်းလာသူ အမျိုသားတစ်ဦး မိမိကိုယ်ကိုယ် သစ်ပင်မှာ ကြိုးဆွဲချ (ဆွဲကြိုးချ) အဆုံးစီရင်ခဲ့တဲ့ဖြစ်စဉ် မန္တလေးတိုင်းဒေသကြီး၊ မိတ္တီလာမြို့မှာ ဒီနေ့ ဇွန်လ ၂၆ ရက်နေ့ မနက်ပိုင်းက ဖြစ်ပွားခဲ့တယ်လို့ နယ်မြေခံ သက်ဆိုင်ရာကနေ သိရပါတယ်။

ဖြစ်စဉ်က မန္တလေးတိုင်းဒေသကြီး၊ မိတ္တီလာမြို့၊ ကျီတော်ကုန်းရပ်ကွက်နယ်မြေ၊ ဝမ်းတော်ပြည့်တိုးချဲ့ရပ် ၊ ဘုရားဝင်းအနောက်က သစ်ပင်မှာ အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံးနေတဲ့ သတင်းအရ နယ်မြေခံရဲတပ်ဖွဲ့ဝင်တွေက ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တွေနဲ့အတူ သွားရောက်ကြည့်ရှု့စစ်ဆေးရာ သေဆုံးသူမှာ မိတ္တီလာမြို့၊ ပြည်သာယာ(မြောက်)ရပ်ကွက်၊ (၃)လမ်းမှာ နေထိုင်သူ ဇင်မောင်မောင်ထွေး(၃၀)နှစ်ဖြစ်ပြီး ဝမ်းတော်ပြည့်ဘုန်းကြီးကျောင်းခေါင်းရင်း ခြံစည်းရိုးအုတ်တံတိုင်းအပြင်ဘက်ရှိ ဖျောက်ဆိပ်ပင်ကိုင်းမှာ ပလပ်စတစ်နိုင်လွန်ကြိုးနဲ့ လည်ပင်းကြိုးကွင်းစွပ်လျက် သေဆုံးနေတာကို တွေ့ရှိရတယ်လို့ သိရပါတယ်။

သေဆုံးသူ ဇင်မောင်မောင်ထွေး(၃၀)နှစ်ရဲ့ ရုပ်အလောင်းကို သက်ဆိုင်ရာရဲ့ ညွှန်ကြားချက်နဲ့ မျိုးဆက်သစ် မြတ်ပါရမီ လူမှုကူညီရေးအသင်းက သစ်ပင်ကနေ ဖြုတ်ယူ သယ်ဆောင်ခဲ့ပြီး ရဲလုပ်ငန်းစဉ်တွေ ဆက်လက်ဆောင်ရွက်နိုင်ဖို့ မိတ္ထီလာဆေးရုံကြီး ရင်ခွဲရုံဆီ ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။
