




၂၆.၆.၂၀၂၅
Written By Thandar
ခွန်သာချို ထုတ်လုပ်ရေးက ဂမ္ဘီရဇာတ်လမ်းပုံစံ “ဝိဇ္ဇာသစ်ကွင်း” ဇာတ်လမ်းတွဲ ကန်တော့ပွဲပေး အခမ်း အနားကို ယနေ့ ဇွန်လ ၂၆ ရက် နံနက် ၉ နာရီက ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ မဟာဝိဇိယဘုရားမှာ ကျင်းပခဲ့ပါတယ်။
“ကျွန်တော်တို့ မြန်မာလူမျိုးတွေမှာဆိုရင် သဘာဝ တရားကြီးက ပေးတဲ့ လက်ဆောင်တွေဆိုတာ ရှိတယ်။ ဥပမာ- မိုးကြိုးသွားတို့၊ သစ်မွှေးတို့ဆိုတာ ရှိတယ်။ သစ်ပင်က သူ့အလိုလိုဖြစ်လာတာ။ ဒီသစ်ကွင်းတစ် ကွင်းက လူတစ်ယောက်ရဲ့ လက်ထဲရောက်လာရင် ဘယ်လောက်အထိအစွမ်းထက်လဲ။ သီလလုံရင် ဘယ်လောက်ထိ အကျိုးပြုတယ်။ သီလမလုံရင်ရောပေါ့။ အဆိုးနဲ့အကောင်း ဘာတွေဖြစ်နိုင်တယ်ဆိုတာ ဂမ္ဘီရဆန်ဆန် ပုံဖော်ကြမှာဖြစ်ပါတယ်”လို့ သရုပ်ဆောင် ခွန်သာချိုက ပြောပါတယ်။
ဒီဇာတ်လမ်းတွဲရဲ့ ဇာတ်လမ်း၊ ဇာတ်ညွှန်းကို ခွန်သာချို၊ ဒါရိုက်တာလက်ထောက်အောင်ကျော်သန့်၊ ဒါရိုက်တာ သင်္ဂါက ရိုက်ကူးကာ သရုပ်ဆောင် ထက်အောင်ရှိုင်း၊ ခွန်သာချို၊ ခိုင်နိုး၊ ယွန်းဝင့်လွှာအောင်၊ မောင်မောင်မျိုးသန့်၊ ကိုဇာလီ၊ ဟန်မြင့်၊ ကိုစိမ်း၊ သာသာ၊ စနိုးမေ၊ အိန်ဂျယ်ချို၊ ဘိုမ၊ ဆုဝေလွင်၊ အိမ့်ခြူးပွင့်၊ ညိုမီ၊ ချစ်စနိုး၊ ယွန်းခင်ခင်၊ မိုးမိုးနဲ့ သရုပ်ဆောင်များစွာအပြင် ကလေးသရုပ်ဆောင် ပြည်လင်းကျော်၊ ပီတိ၊ ယွန်းလေး၊ ကောင်းကောင်းတို့က ပါဝင်ကြမှာ ဖြစ်ပါတယ်။
အပိုင်း (၁၉) ပိုင်းစာပါဝင်မယ့် “ဝိဇ္ဇာသစ်ကွင်း” ဇာတ်လမ်းတွဲကို မကြာခင်မှာ Fortune TV ရုပ်သံလိုင်းကနေ ထုတ်လွှင့်ပြသသွားမှာလည်းဖြစ်ပါတယ်။
