
၂၆. ၆. ၂၀၂၅
Translated by Thettant
ယူရေးရှားစီးပွားရေးသမဂ္ဂ (EAEU) နှင့် မြန်မာနိုင်ငံအကြား ကုန်သွယ်မှုသည် ၂၀၁၉ ခုနှစ်ကတည်းက သုံးဆကျော် တိုးလာကြောင်း ယူရေးရှားစီးပွားရေးကော်မရှင်၏ သတင်းထုတ်ပြန်ချက်ကို BelTA သတင်းဌာနက ဖော်ပြလာမှုအရ သိရသည်။
ဘယ်လာရုစ်၏ မြို့တော်မင့်စ်ခ် (Minsk) တွင် ပြုလုပ်သော ယူရေးရှားစီးပွားရေးဖိုရမ်၏ အလွတ်သဘောဆွေးနွေးပွဲများတွင် ယူရေးရှားစီးပွားရေးကော်မရှင် ဘုတ်အဖွဲ့ဥက္ကဋ္ဌ ဘာကစ်တ်ဂျန် ဆာဂင်တေးယဗ်တို့သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတစ်ခု ကျင်းပခဲ့သည်။ ထိုဆွေးနွေးပွဲအတွင်း နှစ်ဖက်စလုံးက ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာနှင့်အညီ EAEU နိုင်ငံများနှင့် မြန်မာနိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများကို ဆွေးနွေးခဲ့ကြသည်။
“နားလည်မှုစာချွန်လွှာ ရေးထိုးပြီးကတည်းက ကျွန်တော်တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုရဲ့ စီးပွားရေးဆိုင်ရာ ကဏ္ဍအသီးသီးမှာ အပြုသဘောဆောင်တဲ့ လမ်းကြောင်းတွေကို မြင်တွေ့ခဲ့ရပါတယ်။ ၂၀၁၉ ခုနှစ်ကနေ ၂၀၂၄ ခုနှစ်အထိ EAEU နိုင်ငံတွေနဲ့ မြန်မာနိုင်ငံအကြား ကုန်သွယ်မှုဟာ သုံးဆကျော် တိုးလာခဲ့ပြီး အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံကျော် ရှိလာခဲ့ပါတယ်” ဟု ဘာကစ်တ်ဂျန် ဆာဂင်တေးယဗ်က ပြောကြားခဲ့သည်။
ထို့အတူ EEC ဘုတ်အဖွဲ့အကြီးအကဲက နှစ်ဖက်စလုံးမှ တစ်ဦးနှင့်တစ်ဦး၏ ကုန်သွယ်ရေးနှင့် စီးပွားရေး အခွင့်အလမ်းများအကြောင်း အသိပညာ တိုးမြှင့်ခြင်းသည် ပိုမိုနီးကပ်သော ပူးပေါင်းဆောင်ရွက်မှုအတွက် လိုအပ်သောအခြေအနေများကို ပံ့ပိုးပေးလိမ့်မည်ဟု အလေးထား ပြောကြားခဲ့သည်။
ဘာကစ်တ်ဂျန် ဆာဂင်တေးယဗ်နှင့် SAC ဥက္ကဋ္ဌတို့က စီးပွားရေးလုပ်ငန်းရှင် အသိုက်အဝန်းများအကြား အပြန်အလှန်ဆက်ဆံရေးသည် EAEU နှင့် မြန်မာနိုင်ငံအကြား ဆွေးနွေးမှုများကို အရှိန်အဟုန် ပိုမိုဖြစ်ပေါ်စေမည်ဟု သဘောတူခဲ့ကြကာ ပူးပေါင်းဆောင်ရွက်မှု၏ နယ်ပယ်သစ်များကို ရှာဖွေဖော်ထုတ်နိုင်လိမ့်မည်ဟု မျှော်လင့်ထားသည်။
မြန်မာနိုင်ငံမှ EAEU နိုင်ငံများသို့ အဓိကတင်ပို့ကုန်များမှာ ဆန်၊ ကော်ဖီ၊ စွန်ပလွံဆီ၊ ကိုကိုးစေ့ တို့ဖြစ်သည်။ မြန်မာနိုင်ငံသို့ တင်သွင်းမှုများတွင်မူ ဓာတ်မြေသြဇာ၊ လူသုံးကုန်ပစ္စည်းများ၊ စက်ယန္တရားများနှင့် စက်ပစ္စည်းကိရိယာများ၊ သတ္တုများ၊ စားသုံးဆီများ၊ ဘိလပ်မြေနှင့် ဆေးဝါးများ တို့က အဓိကသွင်းကုန်ဖြစ်သည်။
Ref, BelTA
