
၂၆. ၆. ၂၀၂၅
Translted by Thettant
နှစ် ၅၀ နီးပါးကြာ သေဒဏ်ကျခံနေရသော အမေရိကန်နိုင်ငံ၊ မစ္စစ္စပီပြည်နယ်မှ အမျိုးသားတစ်ဦးကို ဗုဒ္ဓဟူးနေ့တွင် ဆေးထိုး၍ ကွပ်မျက်ခဲ့ပြီး ယခုသီတင်းပတ်အတွင်း အမေရိကန်ပြည်ထောင်စုတွင် ကွပ်မျက်မှု နှစ်ခုအနက် တစ်ခုဖြစ်လာခဲ့သည်။
ကွပ်မျက်ခံရချိန်တွင် အသက် ၇၉ နှစ်အရွယ်ရှိနေပြီဖြစ်သော ရစ်ချတ် ဂျော်ဒန်ကို ၁၉၇၆ ခုနှစ်တွင် ဂတ်ဖ်ပို့မြို့ရှိ ဘဏ်အမှုဆောင်အရာရှိတစ်ဦး၏ ဇနီးဖြစ်သူ အက်ဒ်ဝီနာ မာတာအား သတ်ဖြတ်မှုဖြင့် သေဒဏ်ချမှတ်ခံခဲ့ရသည်။ ထိုအချိန်က သင်္ဘောကျင်းလုပ်သား ဂျော်ဒန်သည် မာတာကို သူမ၏နေအိမ်မှ ပြန်ပေးဆွဲကာ ဒေါ်လာ ၂၅,၀၀၀ ငွေညှစ်ခဲ့ပြီး ထိုငွေကို သွားယူစဉ် ဖမ်းဆီးခံခဲ့ရသည်။
သို့သော် ဂျော်ဒန်သည် ဒေါ်လာ ၂၅,၀၀၀ ငွေညှစ်တောင်းခံခဲ့သော်လည်း မာတာကို ပြန်ပေးဆွဲပြီးနောက် သတ်ဖြတ်ခဲ့ကြောင်း ဝန်ခံခဲ့ကာ သူမ၏ ရုပ်အလောင်းအား သစ်တောထဲတွင် ဝှက်ထားခဲ့သည့် နေရာကို အာဏာပိုင်များအား ပြသခဲ့သည်။ ဂျော်ဒန်က သူမကို သေနတ်ဖြင့် ပစ်သတ်ခဲ့ခြင်း ဖြစ်သည်။

မစ္စစ္စပီ ပြည်နယ် ပြစ်ဒဏ်စီရင်ရေးဌာန၏ ထုတ်ပြန်ချက်အရ ဂျော်ဒန်အား မစ္စစ္စပီပြည်နယ် အကျဉ်းထောင်တွင် ဇွန်လ ၂၅ ရက် ညနေ ၆ နာရီက ဆေးထိုးကွပ်မျက်ခဲ့ပြီး ဒေသစံတော်ချိန် ညနေ ၆ နာရီ ၁၆ မိနစ် (GMT ၂၃၁၆) တွင် သေဆုံးကြောင်း ကြေညာခဲ့သည်။
ကွပ်မျက်ချိန်တွင် ဂျော်ဒန်သည် မစ္စစ္စပီပြည်နယ်၏ သေဒဏ်ကျခံနေရသူများထဲ အကြာဆုံးနေထိုင်ခဲ့ရသူနှင့် အသက်အကြီးဆုံး အကျဉ်းသားဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဂျော်ဒန့်ကို ကွပ်မျက်မှုမှာ အသက် ၅၁ နှစ်အရွယ် သောမတ်စ် ဂူဒီနတ်စ်ဆိုသူအား မီချယ်လ် မက်ဂရက်သ်ဆိုသည့် အမျိုးသမီးကို ၂၀၀၅ ခုနှစ်က သတ်ဖြတ်မှုဖြင့် ကွပ်မျက်ခဲ့သော ဇွန်လ ၂၄ ရက် အင်္ဂါနေ့တွင် ဖလော်ရီဒါပြည်နယ်၌ ဆေးထိုး၍ ကွပ်မျက်ပြီး နောက်တစ်ရက်အကြာတွင် ဖြစ်သည်။

ဖလော်ရီဒါပြည်နယ်သည် ယခုနှစ်တွင် အခြားသော အမေရိကန်ပြည်နယ်များထက် ကွပ်မျက်မှုပေါင်း (၇) ခုဖြင့် အများဆုံး ဆောင်ရွက်ခဲ့သည်။ မစ္စစ္စပီပြည်နယ်တွင် ကွပ်မျက်မှုမှာမူ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလနောက်ပိုင်း ပထမဆုံးအကြိမ် ဖြစ်သည်။
ယခုနှစ်တွင် အမေရိကန်ပြည်ထောင်စု၌ ကွပ်မျက်မှု ၂၅ ခုရှိခဲ့ပြီး ဆေးထိုး၍ ကွပ်မျက်မှု ၂၀၊ ပစ်သတ်မှု ၂ ခုနှင့် နိုက်ထရိုဂျင်ဓာတ်ငွေ့ဖြင့် ကွက်မျက်မှု ၃ ခုတို့ဖြစ်သည်။ အဆိုပါ ကွပ်မျက်မှုများအနက် Nitrogen Hypoxia ဖြင့် ကွပ်မျက်ခြင်းသည် သေဒဏ်ကျအကျဉ်းသားအား မျက်နှာဖုံးစွပ်ကာ နိုက်ထရိုဂျင်ဓာတ်ငွေ့ ထိုးသွင်းခြင်းဖြင့် အသက်ရှုကြပ်သေဆုံးစေသည့် ကွပ်မျက်မှုဖြစ်သည်။
နိုက်ထရိုဂျင်ဓာတ်ငွေ့ကို အသုံးပြုသည့် ကွပ်မျက်နည်းကို လူ့အခွင့်အရေးလှုပ်ရှားသူများနှင့် ကုလသမဂ္ဂကျွမ်းကျင်သူများက ရက်စက်ကြမ်းကြုတ်ပြီး လူမဆန်ကြောင်း ရှုတ်ချပြောဆိုထားသည်။
အမေရိကန်ပြည်နယ် ၅၀ အနက် ၂၃ ပြည်နယ်တွင် သေဒဏ်ကို ဖျက်သိမ်းပြီးဖြစ်ပြီး၊ အခြား ၃ ပြည်နယ်ဖြစ်သည့် ကယ်လီဖိုးနီးယား၊ အော်ရီဂွန်နှင့် ပန်ဆယ်ဗေးနီးယားတို့တွင်မူ ယာယီဆိုင်းငံ့ထားသည်။
အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရန့်သည် သေဒဏ်ပေးခြင်းကို ထောက်ခံသူဖြစ်ပြီး သူ၏ ပထမဆုံးရုံးတက်ရက်တွင် “အဆိုးဆုံးသော ရာဇဝတ်မှုများအတွက်” သေဒဏ်ချမှုကို ချဲ့ထွင်ရန် တောင်းဆိုခဲ့သည်။
Ref, AFP
