၂၆. ၆. ၂၀၂၅
Written by Nay Moe
ကယားပြည်နယ်၊ ဖားဆောင်းမြို့သိမ်းတိုက်ပွဲအတွင်း Karenni People’s Liberation Army – KPLAB 9425 (ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့ လွတ်မြောက်ရေးတပ်ဦး၊ ကလလတ တပ်ရင်း အမှတ် ၉၄၂၅ (KPLA B/9425)) တပ်ခွဲ (၃)ရဲ့ တပ်ခွဲမှူးသေဆုံးသွားတယ်လို့ KPLA B 9425 P-3 က ဒီနေ့ ထုတ်ပြန်ပါတယ်။
ဖားဆောင်းမြို့သိမ်းတိုက်ပွဲအတွင်း ကလလတ ၉၄၂၅ တပ်ရင်း၊ တပ်ခွဲ (၃)က အသက် ၂၆ နှစ်အရွယ် တပ်ခွဲမှူး ရဲဘော် ကလိတို (ခ) ဆရာတိုဟာ တပ်မတော်က ချေမှုန်းတဲ့ လက်နက်ကြီးထိမှန်မှုကြောင့် မနေ့က ဇွန်လ ၂၅ ရက်နေ့မှာ သေဆုံးခဲ့တာဖြစ်ပါတယ်။
ဖားဆောင်းမြို့ကို သိမ်းဖို့ ကယားလက်နက်ကိုင်တွေနဲ့ PDF တွေက ထိုးစစ်ဆင်နေလို့ မနေ့က မော်ချီးသတ္ထုတွင်းဝန်းကျင်ကို ချေမှုန်းရာမှာ အရပ်သားတွေ သေဆုံးတယ်လို့ ပြည်ပပြေးမီဒီယာတွေက လိမ်ညာထုတ်ပြန်ပေမဲ့ ကလလတ ၉၄၂၅ တပ်ရင်းကတော့ တပ်မတော်ချေမှုန်းမှုအတွင်း သူ့တပ်ခွဲမှူးပါ သေဆုံးသွားတယ်ဆိုတာ ဝန်ခံလာတာပဲဖြစ်ပါတယ်။
မနေ့က မော်ချီးသတ္ထုတွင်းဝန်းကျင်အခြေပြု ကယားလက်နက်ကိုင်တွေနဲ့ PDF တွေကို တပ်မတော်က ချေမှုန်းရာမှာ လက်နက်ကိုင် ၇ ဦးခန့်သေဆုံးပြီး လူ ၄၀ ကျော် ဒဏ်ရာရတယ်လို့ MT News က ဖော်ပြခဲ့ပြီးဖြစ်ပါတယ်။

