၂၆.၆.၂၀၂၅
Translated by Htwe Ko Tun
တရုတ်ပြည်သူ့သမ္မတနိုင်ငံ အနောက်တောင်ပိုင်းရှိ ဂွီကျိုး(Guizhou)ပြည်နယ်၌ ဇွန်လ နောက်ဆုံးပတ်အတွင်း ရေလွှမ်းမိုးမှုကြောင့် လူခြောက်ဦးသေဆုံးခဲ့ရပြီး ပြည်နယ်တွင်းနေထိုင်သော ပြည်သူ ၈၀,၀၀၀ ကျော်မှာလည်း အိုးအိမ်များစွန့်ခွာထွက်ပြေးခဲ့ရကြောင်း ဇွန်လ ၂၆ ရက် သတင်းများအရ သိရသည်။
နိုင်ငံပိုင်အသံလွှင့်ဌာနဖြစ်သော CCTV က ဂွီကျိုးပြည်နယ်၊ ရုန်ဂျင်းခရိုင်၌ တစ်ကြိမ်မှ မကြုံဘူးသော ရေလွှမ်းမိုးမှုဖြစ်ပေါ်နေရာ ဇွန်လ ၂၆ ရက်၊ နံနက် ၁၁ နာရီအထိ လူခြောက်ဦးသေဆုံးခဲ့ရကြောင်း အသံလွှင့်သွားခဲ့သည်။ သတင်းတွင်ခရိုင်အတွင်း မြေနိမ့်ဒေသများ၌ ရေလွှမ်းမိုးမှုများဖြစ်ပွားနေရာ အချို့မြို့များတွင် ယာဉ်သွားလာမှုများရပ်ဆိုင်း၊ ဆက်သွယ်ရေးများပြတ်တောက်ပြီး အခြေခံအဆောက်အအုံများ ဆိုးဝါးစွာပျက်စီးခဲ့ကာ လူအများအပြားမှာလည်းရေလွှမ်းမိုးမှုကြောင့် ပိတ်မိသောင်တင်နေခဲ့ကြကြောင်း CCTV က ပြောခဲ့သည်။
သတင်း၌ ရေအမှတ်မှာ ဇွန်လ ၂၆ ရက် နံနက်တွင် စိုးရိမ်ရေမှတ်အောက်သို့စတင်ကျဆင်းနေကြောင်းနှင့် ရေလွှမ်းမိုးမှုအပြီး ပြန်လည်ထူထောင်မှုနှင့်ပြန်လည်တည်ဆောက်ရေးအပြင် ပိတ်မိနေသောပြည်သူများကို စုံစမ်းထောက်လှမ်းမှုများကို ဆက်လက်ဆောင်ရွက်နေကြောင်းပါ အသံလွှင့်သွားခဲ့သည်။
Xinhua သတင်းဌာနကလည်း ရုန်ဂျင်းမြို့အတွင်းရှိ ဘောလုံးကွင်းတစ်ကွင်းဆိုလျှင် ရေအမြင့် သုံးမီတာအထိရောက်အောင် ရေလွှမ်းမိုးမှုခံခဲ့ရပြီး ဌာနေပြည်သူတစ်ဦးကလည်း ၎င်းတို့ဆိုလျှင် ရေဘေးမှလွတ်အောင် အိမ်၏ တတိယအလွှာသို့ပင် ရှောင်တိမ်းခဲ့ရရာမှ ကယ်ဆယ်ခြင်းခံခဲ့ရကြောင်းကို Xinhua သို့ ပြောကြားခဲ့သည်။
ရေလွှမ်းမိုးမှုကြောင့် ခရိုင်အတွင်း တံတားတစ်စ်င်းမှာလည်း လုံးဝကျိုးသွားခဲ့ရကြောင်းသိရသည်။
လွန်ခဲ့သည့် ရက်သတ္တပတ်ကလည်း ဂွီကျိုးပြည်နယ်နှင့် အိမ်နီးချင်းဖြစ်သည့် ဟူနန်ပြည်နယ်တွင် မိုးကြီးမှုကြောင့် ရေလွှမ်းမိုးမှုဖြစ်ပေါ်ခဲ့သေးရာ ပြည်သူသောင်းနှင့်ချီ၍ ပြောင်းရွှေ့ကယ်ဆယ်ခဲ့ရသေးသည်။
Ref, Xinhua



