၃၀. ၁. ၂၀၂၃
Written by Hey Mar

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် ငွေကျပ်သိန်း ၄၅၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများကို မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့မှ ဇန်နဝါရီ ၂၈ ရက် ည ၇ နာရီ ၄၅ မိနစ်ခန့်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ မြိတ်မြို့၊ တောရကျောင်းရပ်၊ တောရကျောင်းအနီးတွင် လမ်းလျှောက်လာသူ ရာကွတ်(ခ)သန်းဇော်နှင့် ကမာ(ခ)ကမာလူဒင်(ခ)ကျော်စိုးနိုင် တို့အား စစ်ဆေးရှာဖွေရာ ရာကွတ်(ခ) သန်းဇော် ကိုင်ဆောင်ထားသည့် လက်ဆွဲအိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၃၀၀၀၀ ပြား(ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ်သိန်း ၉၀၀)နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ကွင်းဆက်ဖော်ထုတ်ချက်များအရ ည ၁၂ နာရီအချိန်၌ သန်းနိုင်(ခ)ဂျမာဘိုင်အား ၎င်းနေထိုင်သည့် မြိတ်မြို့နယ်၊ ပသောင်းကျေးရွာရှိ နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၂၀၀၀၀ ပြား (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၃၆၀၀)အား ထပ်မံတွေ့ရှိ သိမ်းဆည်းရမိခဲ့သဖြင့် ရာကွတ်(ခ)သန်းဇော်(၄၁)နှစ်၊ ကမာ(ခ) ကမာလူဒင်(ခ) ကျော်စိုးနိုင်(၄၁)နှစ်နှင့် သန်းနိုင်(ခ) ဂျမာဘိုင်(၃၆)နှစ်တို့အား မြိတ်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုများဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း CCDAC MYANMAR မှ ထုတ်ပြန်ချက်များအရ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *