MT News
၂၄. ၆. ၂၀၂၅
မန္တလေးငလျင်ကြီးကြောင့် ပြိုကျခဲ့သော ပြိုကျ Sky Villa ကွန်ဒို အပျက်အစီးပုံအောက်မှ ယနေ့တစ်နေ့တည်း အမျိုးသမီးရုပ်အလောင်း လေးခုနှင့် ကျပ် ၂၈၅ သိန်း၊ ရွှေ ၈၈ ကျပ်သားနှင့် အခြား ကျောက်သံပတ္တမြားများ တွေ့ရှိခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနထံက သိရသည်။
မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များမှ ရုပ်အလောင်းကျန်ရှိနေသော မန္တလေးမြို့၊ Sky Villa အဆောက်အဦ (A) အဆောင်နှင့် (B) အဆောင်တို့အား ယာဉ်ယန္တရားများ အသုံးပြု၍ ဖယ်ရှားရှင်းလင်းခြင်းနှင့် ရုပ်အလောင်းထုတ်ယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၁၀ နာရီခွဲအချိန်၊ (B) အဆောင် အခန်းအမှတ် L 9 မှ အမျိုးသမီး(၁)ဦး၏ ရုပ်အလောင်းအား ထုတ်ယူနိုင်ခဲ့သည်။
ထို အမျိုးသမီးရုပ်အလောင်းတွေ့ရှိရသော (B) အဆောင် အခန်းအမှတ် L 9 မှပင် မြန်မာငွေ၂၈၅၀၀၀၀၀ ကျပ်(နှစ်ရာရှစ်ဆယ့်ငါးသိန်း)၊ ရွှေ(၁၀)ကျပ်သား(၈)တုံး၊ (၁)ကျပ်သား(၆)တုံး၊(၂)ကျပ်သား(၁)တုံး၊ ရွှေကလစ်(၁)ခု၊ စိန်နားကပ်(၁)ခု၊ စိန်ဆွဲသီး(၁)ခု၊ စိန်လက်စွပ် (၁)ကွင်း၊ ပတ္တမြားကြယ်သီး (၅)ခု၊ ပတ္တမြားနားကပ်(၁)ရံ၊ ရွှေနားကပ်(၆)ရံ၊ ရွှေလက်စွပ် (၁၇)ကွင်း၊ ရွှေဆွဲသီး(၅)ခု၊ ရွှေဟန်းချိန်(၁)ခု၊ ရွှေလက်ကောက်(၂၁)ကွင်း၊ ပလက်တီနမ်ဆွဲကြိုး(၁)ကုံး၊ ရွှေဆွဲကြိုး(၁၀)ကုံး၊ ဘဏ်စာအုပ်(၃)အုပ်၊ မှတ်ပုံတင်(၂)ခု၊ အိမ်ထောင်စုဇယားမူရင်း(၁)ခု၊ အိမ်ဂရံ(၁)ခု၊ ဖုန်းအပျက်(၁) လုံးတို့အား ပစ္စည်းလက်ခံလွဲပြောင်းရေးအဖွဲ့မှတစ်ဆင့် ပိုင်ရှင်ထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်ဟု သိရသည်။
ထို့နောက် ရှာဖွေရှင်းလင်းမှုများ ဆက်လက်လုပ်ဆောင်ရာ နေ့လယ် ၁၂ နာရီခွဲအချိန်တွင် (A) အဆောင်နှင့် (B) အဆောင်ကြားမှ အမျိုးသမီးရုပ်အလောင်း သုံးလောင်း ဆက်လက်တွေ့ရှိ ထုတ်ယူနိုင်ခဲ့ခြင်းဖြစ်သည်ဟု မီးသတ်ဦးစီးဌာနမှ သိရသည်။
မြန်မာနိုင်ငံတွင် မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့သော အင်အားအလွန်ပြင်းထန်သည့် ငလျင်ဒဏ်ကို ပြင်းထန်စွာခံစားခဲ့ရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ် (၆) ခုတို့တွင် ဇွန်လ ၂၂ ရက်အထိ သေဆုံးသူ ၃,၇၅၈ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၅,၁၀၄ ဦးနှင့် ပျောက်ဆုံးသူ ၄၈ ဦး ရှိပြီး မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နှင့် ပြည်တွင်းပြည်ပမှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်များက အဆောက်အဦများအတွင်း ပိတ်မိနေသူများအား ရှာဖွေကယ်ဆယ်ခဲ့ရာ ဇွန်လ ၂၂ ရက်အထိ အသက်ရှင်သူ ၆၅၃ ဦးကို ရှာဖွေကယ်ဆယ်ပေးနိုင်ခဲ့ပြီး သေဆုံးသူ ၈၃၆ ဦးအား ရှာဖွေပေးနိုင်ခဲ့ကြောင်း သိရသည်။




