◼ သမ္မတထရန့်၏ အပစ်အခတ်ရပ်စဲရေးက စတင်အကျိုးသက်ရောက်နေပြီဖြစ်၍ နှစ်ဖက်စလုံးမှ မချိုးဖောက်ရန်ကြေညာ
၂၄.၆.၂၀၂၅
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စု ဒေါ်နယ်ထရန့်က အစ္စရေးနဲ့ အီရန် နှစ်နိုင်ငံစလုံး အပစ်အခတ်ရပ်စဲရေးကို သဘောတူခဲ့ကြပြီဖြစ်တယ်လို့ အမေရိကန်စံတော်ချိန် ဇွန်လ ၂၃ ရက် ညနေခင်း(အရှေ့အလယ်ပိုင်းဒေသ ဇွန်လ ၂၄ ရက် နံနက်အစောပိုင်း) က ပြောကြားခဲ့ပြီးတဲ့နောက်မှာပဲ အစ္စရေးစံတော်ချိန် ဇွန်လ ၂၄ ရက် နံနက် ၇ နာရီမှာ အီရန်က အစ္စရေးနိုင်ငံအတွင်း Beersheba မြို့ကို ဒုံးကျည်တွေနဲ့ ပြင်းထန်စွာ ပစ်ခတ်ခဲ့တာာမှာ အနည်းဆုံး လူငါးဦးသေဆုံးပြီး ၂၀ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
အီရန်က အရှေ့ အလယ်ပိုင်းဒေသမှာအမေရိကန်ရဲ့ အကြီးမားဆုံးတပ်စခန်းဖြစ်ပြီး တပ်ဖွဲ့ဝင် ၁၀,၀၀၀ လောက်စခန်းချထားတဲ့ ကာတာနိုင်ငံ၊ မြို့တော် ဒိုဟိန်းအနီးက အယ်လ်အူဒိတ် လေတပ်စခန်းကို ဇွန်လ ၂၃ ရက် ညနေပိုင်းက တိုက်ခိုက်ခဲ့သေးတာပါ။
အစ္စရေးဘက်ကလည်း ဇွန်လ ၂၄ ရက်နံနက်အစောပိုင်းမှာ အီရန်အနောက်မြောက်ပိုင်း ဂီလန်ပြည်နယ်ကို လေကြောင်းတိုက်ခိုက်ခဲ့ရာမှာလည်း လူနေအဆောက်အအုံတွေပျက်စီးကာ လူကိုးဦးသေဆုံးပြီး ၃၃ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသအာဏာပိုင်တွေက ပြောခဲ့ပါတယ်။
နှစ်ဖက်တိုက်ခိုက်မှုတွေနောက်မှာတော့ သမ္မတ ထရန့်က အစ္စရေးနဲ့ အီရန် အပစ်အခတ်ရပ်စဲရေးက စတင်အကျိုးသက်ရောက်နေပြီဖြစ်လို့ နှစ်ဖက်စလုံးမှ ချိုးဖောက်ခြင်းမပြုကြဖို့ ဇွန်လ ၂၄ ရက် နံနက်မှာ တိုက်တွန်းပြောကြားလိုက်ပါတယ်။
အစောပိုင်းမှာတော့ အီရန်နိုင်ငံခြားရေးဝန်ကြီး အက်ဘားစ် အရပ်ဂ်ချီက အစ္စရေးနဲ့အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ဘာသဘောတူညီချက်မှ ရယူမထားဘူးလို့ ပြောခဲ့တာပါ။ ဒါပေမယ့် အစ္စရေးက အီရန်ကို တိုက်ခိုက်မှုတွေကို ဒေသစံတော်ချိန် ဇွန်လ ၂၄ ရက် နံနက် ၄ နာရီ(၀၀း၃၀ ဂျီအမ်တီ) မှာနောက်ဆုံးထားရပ်တန့်ပေးခဲ့ရင် အီရန်ဘက်ကလည်း အပစ်ရပ်ပေးမယ်လို့ ပြောလာခဲ့ပါတယ်။
အီရန်အစိုးရက ဇွန်လ ၁၃ ရက်က စတင်ခဲ့တဲ့ အစ္စရေးနိုင်ငံနဲ့ စစ်ပွဲမှာ ဇွန်လ ၂၃ ရက်ထိ လူ ၄၀၀ ကျော် သေဆုံးပြီး အနည်းဆုံး ၃၀၅၆ ဦးဒဏ်ရာရခဲ့တယ်လို့ပြောခဲ့ပါတယ်။ အစ္စရေးဘက်က စစ်ပွဲမှာသေဆုံးသူ အနည်းဆုံး ၂၄ ဦးရှိခဲ့တယ်လို့ ဆိုပါတယ်။
Ref- Jerusalem Post, Al Jazeera
