၂၄.၆.၂၀၂၅
Written by Hey Mar
ရပ်ထားတဲ့ ထွေလာဂျီကို ဆိုင်ကယ်က အရှိန်နဲ့ ဝင်တိုက်တဲ့အတွက် ဆိုင်ကယ်စီးနင်းသူ လူငယ်နှစ်ဦးအနက် တစ်ဦးသေဆုံးကာ တစ်ဦးပြင်းထန်ဒဏ်ရာရတဲ့ ဖြစ်စဉ် မနေ့က ဇွန်လ ၂၃ ရက်နေ့ ညနေ ၅ နာရီအချိန်ခန့်က ရှမ်းပြည်နယ် တောင်ပိုင်း ညောင်ရွှေမြို့နယ်မှာ ဖြစ်ပွားခဲ့တယ်လို့ မြေပြင်အကူအညီရောက်ရှိခဲ့တဲ့ လူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။
ညောင်ရွှေမှာ ဆိုင်ကယ်နဲ့ ယာဉ်မတော်တဆမှု၊ ဆိုင်ကယ်ချင်း မတော်တဆမှုတွေ မကြာခဏအဖြစ်များပြီး လူသေဆုံးမှု ဖြစ်စဉ်တွေ များပြားသလို အခုဖြစ်စဉ်မှာလည်း ညောင်ရွှေဈေး အနောက်ဘက် ရွှေအင်းသားကုန်စုံဆိုင်ရှေ့မှာ ကုန်ဝယ်ယူတင်ဆောင်ဖို့ ရပ်တန့်ထားတဲ့ ထွေလာဂျီကို အရှိန်နဲ့မောင်းနှင်လာတဲ့ ဆိုင်ကယ်ကဝင်တိုက်မိတာလို့ ဘေးပတ်ဝန်းကျင်က မျက်မြင်တချို့ရဲ့ ပြောပြချက်ကို လူမှုကူညီရေးအသင်းက ပြန်လည်ပြောပြပါတယ်။
သဗ္ဗသုခ အလုံးစုံအခမဲ့နာရေးကူညီမှုအသင်းမှ တာဝန်ရှိသူက “ကျွန်တော်က နယ်ခံအသင်းတော့မဟုတ်ပါဘူး။ အင်းလေးဒေသ ငလျင်ဘေးမှာ ပြန်လည်ထူထောင်ရေးအကူအညီတွေအတွက် ရောက်ရှိနေတာပါ။ မတော်တဆဖြစ်တော့ ကျွန်တော့်အသင်းက အနီးဆုံးမို့ အရင်ရောက်သွားပါတယ်။ လူနာတစ်ယောက် အခင်းဖြစ်နေရာတင် သေဆုံးနေပေမယ့် ကျန်တစ်ဦးကို CPR လုပ်ပြီး နှလုံးပြန်နှိုးတာတွေ လုပ်ပေးရတယ်။ နယ်ခံအသင်းတွေလည်း ရောက်ရှိလာတဲ့အတွက် အရေးပေါ်လူနာကို ဆေးရုံကို နယ်ခံအသင်းရဲ့ လူနာတင်ကားနဲ့ အရင်ပို့ပေးပါတယ်။ ကျွန်တော်ပို့ရင် လမ်းကြောအခြေအနေအရ သိပ်မကျွမ်းတော့ ကြာနေမှာ စိုးတာကြောင့်ပါ။ နေရာတင်သေသူရဲ့ ရုပ်အလောင်းကတော့ ရဲလုပ်ငန်းစဉ်တွေ ပြီးတာနဲ့ ကျွန်တော့်အသင်းကားနဲ့ ညောင်ရွှေဆေးရုံ ရင်ခွဲရုံ လိုက်ပို့ခဲ့ပါတယ်” လို့ MT News က ဆက်သွယ်မေးမြန်းတာကို ပြန်လည်ဖြေကြားပါတယ်။



